ဂျေရုဆလင်၊ အောက်တိုဘာ ၂၃

ထင်ရှားသော ပါလက်စတိုင်းလူ့အခွင့်အရေးအဖွဲ့ ၆ ဖွဲ့ကို အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်ရန် အစ္စရေးက အောက်တိုဘာ ၂၂ ရက်က စစ်ဘက်အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ပါလက်စတိုင်းအာဏာပိုင်များ၊ လူ့အခွင့်အရေး အဖွဲ့များနှင့် ကုလသမဂ္ဂတို့၏ဝေဖန်ရှုတ်ချသံများ ချက်ချင်းဆိုသလို ဆူညံသွားခဲ့ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။

နိုင်ငံရေးပါတီတစ်ပါတီနှင့်အတူ လက်ဝဲလှုပ်ရှားမှုများရှိနေသည့် ပါလက်စတိုင်းလွတ်မြောက်ရေးတပ်ဦး (PFLP) နှင့် ဆက်နွယ်နေသည့် အဆိုပါ ၆ ဖွဲ့ကို အကြမ်းဖက်အဖွဲ့များဟု အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲ လိုက်ခြင်းဖြစ်သည်။ PFLP သည် အစ္စရေးအပေါ် ဆိုးဝါးသည့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

လူသားချင်းစာနာမှုဆိုင်ရာ အဆိုပါအဖွဲ့ ၆ ဖွဲ့သည် PFLP တပ်ဦး၏ကိုယ်စား နိုင်ငံတကာမျက်နှာစာတွင် လျှို့ဝှက်ထောက်လှမ်းရေးကွန်ရက်အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။ ၎င်းတို့ကို PELP ထိပ်ပိုင်းခေါင်းဆောင်များက ထိန်းချုပ်ထားပြီး အကြမ်းဖက် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူအချို့ကို အဖွဲ့ဝင်များအဖြစ် ခန့်အပ်ထားကြောင်း အစ္စရေးက ဆိုသည်။

ထိုအုပ်စုများသည် PFLP အပေါ် ငွေကြေးထောက်ပံ့မှု ဗဟိုရင်းမြစ်အဖြစ် ဝိုင်းဝန်းပံ့ပိုးနေပြီး ဥရောပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးအမြောက်အမြား ရယူထားသည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန က အတိအလင်းစွပ်စွဲခဲ့သည်။

အဆိုပါအုပ်စုများတွင် ၁၉၇၉ ခုနှစ်က တည်ထောင်ခဲ့သော အယ်လ်ဟက် (Al-Haq) အမည်ရှိ လူ့အခွင့်အရေးအဖွဲ့၊ အက်ဒါမီယာ (Addameer) အခွင့်အရေးအဖွဲ့၊ ပါလက်စတိုင်းကလေးသူငယ်များကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဘိုင်စန်စင်တာ (Bisan Center) ၊ ပါလက်စတိုင်း အမျိုးသမီးရေးရာ ကော်မတီများနှင့် စိုက်ပျိုးရေးလုပ်ငန်းကော်မတီများသမဂ္ဂ စသည်တို့ပါဝင်ကြသည်။

ယင်းသို့ စွပ်စွဲချက်များသည် ပါလက်စတိုင်းအရပ်ဘက်အဖွဲ့အစည်းအပေါ် မတရားသဖြင့် ပြောဆိုတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပါလက်စတိုင်းအာဏာပိုင်များက ဝေဖန်ရှုတ်ချခဲ့သည်။

“ဒီလို လိမ်ညာပြီး ကဲ့ရဲ့အပြစ်တင်တာဟာ ပါလက်စတိုင်းအရပ်ဘက်အဖွဲ့အစည်းတွေကို မဟာဗျူဟာမြောက် ချေမှုန်းတဲ့သဘောပါ။ ပါလက်စတိုင်းပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်ကတော့ အစ္စရေးရဲ့တရားမဝင်ကျူးကျော်မှုကို ဆန့်ကျင်ပြီး သူတို့ရဲ့ရာဇဝတ်မှုတွေကို ဆက်လက်ဖော်ထုတ်ပြသဖို့ပါ” ဟု ပါလက်စတိုင်းအာဏာပိုင်များက တုံ့ပြန်ခဲ့သည်။

ယင်းကဲ့သို့ အစ္စရေးစစ်ဘက်မှ သတ်မှတ်ကြေညာခြင်းအပေါ် မိမိတို့ရုံးအနေဖြင့် ကြိုတင်မသိရှိခဲ့ကြောင်းနှင့် အစ္စရေးမိတ်ဖက်တွေနဲ့ ထိတွေ့ဆက်ဆံသွားဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရင့်စ် (Ned Price) က ဝါရှင်တန်ရှိ သတင်းထောက်များကို ဖုန်းဖြင့် ပြောကြားခဲ့သည်။


နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amesty International) နှင့်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) ၏ ပူးတွဲကြေညာချက်တွင် အဆိုပါ အဖွဲ့ ၆ ဖွဲ့၏လှုပ်ရှားမှုများကို ထိရောက်စွာ တားမြစ်ပိတ်ပင်သင့်ကြောင်း မှတ်ချက်ချထားသည်။