CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂
အာဆီယံထိပ်သီး အစည်းအဝေးကို မြန်မာကိုယ်စားပြု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ အနေဖြင့် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ် ၇ (၁)အရ တက်ရောက်ရမည့် အခွင့်အရေး အပြည့်အဝရပိုင်ခွင့် ရှိသည်ဟု နစက လက်အောက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာ ၂၂ ရက်)တွင် သတင်း ထုတ်ပြန်ခဲ့သည်။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများကြား အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်ထိ ကျင်းပရန် စီစဉ်ထားသည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့် ပြုသင့် မပြုသင့် ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးခဲ့ကြရာမှာ တက်ရောက်ခွင့်ပြုကြောင်း အားလုံး၏ တူညီဆန္ဒမဲ မရရှိခဲ့သလို တက်ရောက်ခွင့် မပြုသင့်ကြောင်းလည်း အားလုံး၏ တူညီဆန္ဒမဲလည်း မရရှိဘဲ နစကဥက္ကဋ္ဌအစား နိုင်ငံရေးနယ်ပယ်မှ မဟုတ် သူကိုသာ တက်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ထုတ်ပြန်ကြေညာခဲ့ သည်။
ပုံ-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပနေစဉ်
အဆိုပါ ထုတ်ပြန်ကြေညာချက်အပေါ် နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်မခံနိုင်ကြောင်း၊ အာဆီယံပဋိညာဉ်ကို ဆန့်ကျင် ချိုးဖောက်နေကြောင်း ထောက်ပြလာခဲ့သည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့ အစည်းအဝေးတွင် မြန်မာနိုင်ငံ ၏ ပြည်တွင်းရေး ကိစ္စများကို အကြောင်းပြုပြီး အာဆီယံ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြု တက် ရောက်ရေးကိစ္စကို အဓိကထား ဆွေးနွေးခဲ့သောကြောင့် အာဆီယံပဋိညာဉ်စာတမ်း အပိုဒ် ၂(က)၊ (င)၊ (စ)ပါ ပြဋ္ဌာန်းချက်များဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ ပြည်တွင်း ရေး မစွက်ဖက်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ အမျိုးသားရေး တည်ရှိမှုကို ပြင်ပမှ မစွက်ဖက်ရေး စသည့် မူများနှင့် ဆန့်ကျင်နေကြောင်း တွေ့ရပါသည်ဟု ယနေ့ (အောက်တိုဘာ ၂၂ ရက်) ထုတ်ပြန်ချက်မှာ ပြောထားသည်။
၎င်းက “အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)အရ အဖွဲ့ဝင်နိုင်ငံများ အားလုံးသည် တန်းတူရည်တူရှိပြီး၊ အပိုဒ် ၇ (၁)အရ အာဆီယံထိပ်သီး အစည်းအဝေးများကို နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးများဖြင့် ပါဝင် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအကြီးအကဲမှ အာဆီယံထိပ်သီး အစည်း အဝေးသို့ တက်ရောက်ရမည့် အခွင့်အရေးများကို အပြည့်အဝရပိုင်ခွင့်ရှိပါသည်။အကယ်၍ အချို့အာဆီယံ နိုင်ငံများက ယင်းကိစ္စအပေါ် မေးခွန်းထုတ်လာပါက အထက်ဖော်ပြပါ အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့် အညီ တိကျစွာ ဆောင်ရွက်သွားရန်ဖြစ်ပါသည်”ဟု ဆိုသည်။
ပုံ-၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က အာဆီယံထိပ်သီး အစည်းအဝေး တက်ခဲ့သည့် နစကဥက္ကဋ္ဌကိုတွေ့ရစဉ်
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံစိတ်ဓာတ်၊ အာဆီယံနည်းလမ်းများနှင့်အညီ သဘောထားကွဲလွဲမှု များကို တိုင်ပင်ဆွေးနွေးမှုနှင့် စေ့စပ်ဆွေးနွေးမှု နည်းလမ်းများဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင် ရွက်သွားမည် ဖြစ်သော်လည်း အာဆီယံပဋိညာဉ် စာတမ်းပြဋ္ဌာန်းချက်ပါ အချက်များ၊ မူများ၊ ဦးတည်ချက်များ နှင့် ဆန့်ကျင်ပြီး မျှတမှုမရှိ မူဘောင်ကျော်လွန်ဆောင်ရွက်မှုများကို လက်ခံနိုင်ခြင်း မရှိဟု နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက “ အာဆီယံ အဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း အာဆီယံအဖွဲ့အစည်း၏ စည်းလုံး ညီညွတ်မှုနှင့် အချက်အခြာကျမှု စသော ရေရှည်အကျိုးစီးပွားများကို ရည်မျှော်၍ အာဆီယံပဋိညာဉ်စာတမ်းပါ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပေး ဖော်ပြ အပ်ပါသည်”ဟု ဆိုသည်။
အာဆီယံ ထိပ်သီး အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ရန် မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့က ရပ်တည်လျက်ရှိပြီး အာဆီယံ၏ ပဋိညာဉ်ပါ တစ်နိုင်ငံ၏ပြည်တွင်းရေးကို တခြား နိုင်ငံများက ဝင်ရောက်မစွက်ဖက်ရေးဆိုသည့် မူကိုလည်း ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက မီဒီယာများတွင် ပြောကြားလျက်ရှိသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ နစကသည် အာဆီယံကနေ နှုတ်ထွက်ရန် စဉ်းစားသည့် အခြေအနေများထိ ဖြစ်လာနိုင်သည်ဟု ဆိုသည်။