ဝါရှင်တန်၊ အောက်တိုဘာ ၂၂
ထိုင်ဝမ်ကို တရုတ်တိုက်လာခဲ့ပါက အမေရိကန်အနေဖြင့် အကာအကွယ်ပေးရလိမ့်မည်ဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ပြောကြားခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်းက အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက သတင်းဖော်ပြသည်။
“ဟုတ်ပါတယ်။ အဲဒီလို အကာအကွယ်ပေးဖို့ ကျနော်တို့ ကတိကဝတ်ရှိပါတယ်” ဟု အခမ်းအနားတစ်ခုတွင် အမေရိကန်အနေဖြင့် ထိုင်ဝမ်ကို အကာအကွယ်မေးမှာလား မေးခွန်းကို သမ္မတက တုံ့ပြန်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယင်းသို့ သမ္မတ၏သဘောထားမှတ်ချက်စကားသည် မူဝါဒအပြောင်းအလဲကို မဆိုလိုကြောင်း နောက်ပိုင်းတွင် အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန်ပြည် တွင်းမီဒီယာအချို့ကို ရှင်းပြခဲ့သည်။
ဘိုင်ဒန်၏ပြောကြားမှုကြောင့် တရုတ်နှင့်ပတ်သက်၍ မိမိတို့ရပ်တည်ချက်ကို အပြောင်းအလဲရှိမှာမဟုတ်ကြောင်း ထိုင်ဝမ်ကလည်း တုံ့ပြန်ခဲ့သည်။
ထိုင်ဝမ်အပေါ် ဆန့်ကျင်သည့်ပြဿနာများနှင့် ပတ်သက်လာသည့်အခါတိုင်း အမေရိကန်သည် အမြဲမသင်္ကာ ဖြစ်နေမှု မဟာဗျူဟာကို ကျင့်သုံးခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ ယင်းမဟာဗျူဟာ၏ဆိုလိုရင်းမှာ တရုတ်က ထိုင်ဝမ်ကျွန်းကို တိုက်လာခဲ့လျှင် အမေရိကန်က မည်သို့တုံ့ပြန်မည်ဟု အတိအလင်း သံသယဝင်နေသည့်သဘော ကို ဖော်ဆောင်သည်။
တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ခွဲထွက်ပြည်နယ်အဖြစ် ရှုမြင်ပြီး တစ်နေ့နေ့ တစ်ချိန်ချိန်၌ ၎င်းပိုင်နက်အတွင်းသို့ ပြန်လည်သွတ်သွင်းလိုသည်။ ထိုင်ဝမ်ကတော့ ၎င်းသည် အချုပ် အခြာအာဏာပိုင် သီးခြားလွတ်လပ်သော နိုင်ငံ တစ်နိုင်ငံအဖြစ် အခိုင်အမာဆိုထားသည်။
အမေရိကန်အနေဖြင့် ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေး မရှိသော်လည်း လက်နက်များ ရောင်းချပေးခြင်း မှာ ၎င်း၏ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေ၏ တစိတ်တပိုင်းအဖြစ် ရောင်းချပေးနေခြင်းဖြစ်ကြောင်း ဝါရှင်တန်၏ ပြောကြားမှုရှိခဲ့သည်။
ဘိုင်ဒန်၏ သဘောထားမှတ်ချက်ကို ထိုင်ဝမ်သမ္မတရုံးက တုံ့ပြန်ရာတွင် ၎င်းထောက်ခံမှုရရှိရေး တွန်းအား ပေးနေမည်မဟုတ်သကဲ့သို့ အလျင်စတိုရှေ့တိုးခြင်းလည်း လုပ်ဆောင်မှာမဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဘေဂျင်းသည် ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေးဇုန်တဝိုက်သို့ စစ်လေယာဉ်ပေါင်း ဆယ်ဂဏန်းမျှ ပျံသန်းခဲ့ပြီးနောက် မကြာသေးမီ ရက်သတ္တပတ်များအတွင်း တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်ကျွန်းတို့အကြား တင်းမာမှု တိုးပွားလာခဲ့သည်။
တရုတ်နှင့် နိုင်ငံတကာပဋိပက္ခတစ်ခုအတွက် မိမိ မစိုးရိမ်ကြောင်း မစ္စတာဘိုင်ဒန်က ထပ်လောင်း ပြောကြား ခဲ့သည်။
“သူတို့ ပိုပြီး အင်အားကြီးလာသလား၊ မကြီးလာဘူးလားဆိုတာ စိတ်ပူစရာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဟာ ကမ္ဘာ့သမိုင်းတလျှောက်မှာ စစ်အင်အားအကြီးမားဆုံးဆိုတာ တရုတ်ရော၊ ရုရှားရော တခြား ကမ္ဘာ့နိုင်ငံတွေကရော သိတယ်လေဗျာ” ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။