၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် အောက်တိုဘာ ၁၈ ရက်က တရုတ်ဘက်မှ နယ်မြေ ကျော်ကာ ခြံစည်းရိုး ခတ်ခြင်းကြောင်း ဒေသခံရွာသားများနှင့် အချင်းများမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ခြံစည်းရိုးမခတ်မီ တရုတ်ဘက်မှ တွေ့ဆုံဆွေးနွေးရန် အောက်တိုဘာ ၁၈ ရက် နံနက် (၈) နာရီတွင် ချိန်းဆိုထားပြီး ယင်းမတိုင်မီ နံနက် (၇) နာရီ၌ တရုတ်ဘက်မှ ဘတ်ဟိုးကားများဖြင့် နယ်ကျော် မြေတူးဖော်နေခြင်းကြောင်း အချင်းများမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးဖြစ်သူ စိုင်းခမ်း (အမည်လွှဲ) က ပြောသည်။
စိုင်းခမ်း (အမည်လွှဲ)က “ ၈ နာရီမတိုင်ခင် ၇ နာရီလောက်မှာ ဘက်ဟိုးနဲ့ စက်တွေနဲ့ သုံးဘီးတွေနဲ့ လူတွေနဲ့ လာပြီးတော့မှ လာတူးတယ်ဆိုတော့ မဟုတ်တော့ဘူးဆိုပြီး တစ်ရွာလုံး လူ ၁၀၀ ကျော်က စုပြီးတော့မှ သွားပြီးမှ ကန့်ကွက်တယ်။ ကန့် ကွက်တဲ့ အချိန်ကြတော့ ရွာသားက များတဲ့အခါကြတော့ နောင်ခမ်းရွာက များတဲ့အချိန်ကြတော့ အဲတရုတ်တွေ ထွက်ပြေး တယ်။ ထွက်ပြေးသွား ပြီးတော့ မကြာခင်မှာပဲ ဒီကောင်တွေ လက်နက်ကိုင်တွေ၊ ရဲတွေ ဘာတွေနဲ့ သေနတ်ကိုင်ပြီးတော့ ကား (၃) စီးနဲ့ ရောက်လာ တယ်။ ကား (၃) စီးနဲ့ ရောက်လာတဲ့ အချိန်ကြတော့ သူတို့ထင်တာ ဒီရွာကို ဒီလို လက်နက်လာ ပြပြီးတော့ ခြိမ်းခြောက် မယ် ဆိုရင် ရမယ်ထင်တာပေါ့” ဟု ပြောသည်။
ထို့နောက် နောင်ခမ်းရွာသားများသည် လူထပ်စုက လက်နက်ကိုင်ဆောင်လာသည့် ၎င်းတရုတ်နိုင်ငံသားများကို ဆူပူ ကြိမ်းမောင်းကာ ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဘက်ဟိုးများ၊ သုံးဘီးများ ထားရစ်က ထွက်ပြေးကြသည်ဟု ၎င်းက ဆိုသည်။
တရုတ်မှ နယ်မြေကျော် ခြံစည်းရိုးခတ်သည်မှာ သုံးထပ်ရှိပြီဖြစ်ပြီး ယခုမှာမှု မြန်မာပြည်ဘက်သို့ ပေ ၂၀ ခန့် တိုး၍ ခြံစည်း ရိုး ခတ်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ပုံ-တရုတ်ရဲ့ နယ်မြေကျော် ခြံစည်းရိုးခတ်ထားသည်ကို ရွာသားများကန့်ကွက်နေစဉ်။
အောက်တိုဘာ ၁၉ ရက်တွင် ၎င်းတို့ ထားရစ်ခဲ့သည့် ဘက်ဟိုးများ၊ စက်ယန္တရားများကို ပြန်ပေးရန် လာတောင်းဆိုခဲ့သည်ဟု သိရသည်။
“နောက်မှ ဒီကောင်တွေ ပြန်လာတောင်းတာပေါ့။ ဘက်ဟိုးတွေ သုံးဘီးကားတွေ ကျန်နေခဲ့တဲ့ သူတို့ကိရိယာတွေ ပြန်လာ တောင်းတယ်။ လာတောင်းတဲ့အခါကြတော့ ရွာက ဘာပြောလဲဆိုတော့ မင်းတို့ တူးထားတဲ့ဟာတွေ အကုန်လုံးပြန်ဖို့ပေးပါ။ မဖို့ပေးဘူးဆိုရင် ဒီစက်တွေ မပေးဘူး။ တရုတ်တွေလည်း သူတို့ တူးထားတဲ့ဟာ အကုန်လုံး နဂိုအတိုင်း ပြန်ဖြစ်အောင် ဖို့ပေးလိုက်တာပေါ့” ဟု စိုင်းခမ်း (အမည်လွှဲ) က ပြောသည်။
တရုတ်နိုင်ငံမှ တူးဖော်ထားသည့် မြေများကို နဂိုအတိုင်း ပြန်ဖို့ပေးသည့်အတွက် နောင်ခမ်းရွာသားများက ဘက်ဟိုး၊ စက်ယန္တရား၊ သုံးဘီးများကို ပြန်ပေးလိုက်ပြီး နောင်တစ်ချိန်တွင် နယ်မြေကျော် ခြံခတ်မှု ထပ်လုပ်လာလျှင် ထပ်မံ ကန့်ကွက် မည်ဖြစ်ကြောင်း ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရွာသားများအနေဖြင့် မြို့နယ်အာဏာပိုင်များကို အကြောင်းကြားခဲ့ပြီး အာဏာပိုင်များက လာရောက် ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်တွင် နမ့်ခမ်းမြို့နယ်၊ ဟတ်ဟင်ကျေးရွားအနီးတွင် တရုတ်ဘက်မှ နယ်မြေကျော်လွန်ကာ ခြံစည်းရိုးခတ်ခဲ့သလို၊ ဇွန်လအတွင်းကလည်း ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်ဝိန်းကြီးဒေသအတွင်းရှိ မြန်မာပိုင်နက်ကို ခြံစည်းရိုးခတ်နေခြင်းကြောင့် ဒေသခံများ သွားရောက်ဖြိုဖျက်ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။