၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂

မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရွှေလီနှင့် ဝမ်တိန်တွင် နေထိုင်သည့် မြန်မာနိုင်ငံသား အပါအဝင် ဒေသခံအားလုံး သတိထားနေထိုင်ကြရန် တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ အစိုးရတာဝန်ရှိသူများက သတိပေး ထုတ် ပြန်ထားသည်။

ထိုသတိပေး ထုတ်ပြန်ချက်ထဲတွင် သေနတ်သံကြားရသည့်အခါ အပြင်မထွက်ရန်၊ အမိုးဖွင့်ထားသည့် နေရာများအား မသွား ရန်၊ ကျည်ဆန်များကြောင့် ထိခိုက်ဒဏ်ရာမရအောင် ခိုင်ခံ့သည့် အမိုးအကာများအား ရှာဖွေရန်၊ ကျည်ဆန်ကြောင့် ထိခိုက် ဒဏ်ရာရပါက ဝမ်တိန် ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဖုန်းနံပါတ်သို့ ခေါ်ဆို၍ ကုသမှုခံယူရန် စသဖြင့် သတိ ပေး ဖော်ပြထား သည်။

ထို့အပြင် မကြာမီအချိန်အတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သေးသဖြင့် ဒေသခံများအနေဖြင့် အပြင်ထွက်ခြင်းအား လျှော့ချ ရန်လည်း တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရွှေလီရှိ ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုချမ်းမြေ့က“ပန်ဆိုင်းဘက်မှာ နည်းနည်း တိုက် ပွဲဖြစ်နေတော့လေ ဒီနယ်စပ်မှာရှိနေတဲ့ လူမျိုးတွေကို အပြင်ထွက်မကြည့်ဖို့ဘာညာပေါ့။ လုံခြုံရေးအရ တားမြစ်ထားတာ လောက်ပဲရှိတာပါ။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မုံးကိုးဘက်တို့၊ ပန်ဆိုင်းတို့ အဲ့ဘက်တွေမှာတော့ တိုက်ပွဲတွေတော့ ဖြစ်ပွား နေတာပေါ့။ ရွှေလီမှာတော့ မကြားရဘူး။ နယ်စပ်နီးတဲ့ ဝမ်တိန်တို့၊ ပန်ဆိုင်းတို့ သူတို့ ကြားရပါတယ်။ နယ်စပ်ချင်းက ကပ် နေတာဆိုတော့လေ”ဟု CNI သတင်းဌာနသို့ ပြောသည်။

တရုတ်နိုင်ငံ ဝမ်တိန်မြို့နှင့် နီးစပ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊ မုံးကိုးမြို့တွင် ကိုးကန့်အဖွဲ့ MNDAA နှင့် တပ်မတော်အကြား တိုက်ပွဲ‌များဖြစ်ပွားနေသည်။ အဆိုပါ တိုက်ပွဲများကြောင့် တရုတ်အာဏာပိုင်များက သတိ ပေးထုတ်ပြန်ချက် ထုတ်ပြန်လာခြင်း ဖြစ်သည်။

ယခင်က မြန်မာဘက်မှ တိုက်ပွဲများကြောင့် တရုတ်နိုင်ငံဘက်သို့ ကျည်ဆန်များ ကျရောက်သည့်အတွက် တရုတ်နိုင်ငံသား တချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြသည်။ ထို့နောက် နှစ်ဖက်ဌာနဆိုင်ရာများကြား ညှိနှိုင်းခဲ့ရသည့် အခြေ အနေများ ရှိခဲ့ဖူးသည်။

တရုတ်ဘက်မှ ယခုကဲ့သို့ ထုတ်ပြန်ခြင်းသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားကြောင့် ဖြစ်နိုင်သလို နယ်စပ်တလျှောက် EAO များ လှုပ်ရှားနေနိုင်ခြင်း တရုတ်ဘက်က လက်ခံထားခြင်းကြောင့်ဆိုသည့် ဝေဖန်မှုများများကြောင့်လည်း ဖြစ်နိုင် ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးသိန်းထွန်းဦးက ပြောသည်။

၎င်းက “အခုလက်ရှိအနေထားမှာ သူက ဘာဖြစ်လာလဲဆိုရင် နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်လို့ တရုတ်ကလည်း အခု တဖြေးဖြေး စီးပွားရေး တိုးတက်လာတယ်။ နောက် သူ့ရဲ့ နိုင်ငံ အမျိုးသားစီးပွားကိုလည်း ပိုကြည့်လာတဲ့အခါကျတော့ အထူးသဖြင့် နယ်စပ်နဲ့ပတ်သက်လို့ လုံခြုံရေး ပိုဂရုစိုက်လာတဲ့ပုံစံပါ။ နယ်စပ်ဒေသမှာ တစ်ခုခုဖြစ်တော့မယ်ဆိုရင် ကျည်ကျတာမျိုး ဖြစ်မှာမျိုး၊ ကျနော်တို့ဘက်က EAO တွေ ဟိုဘက်ကို ကျော်သွားမယ့်ကိစ္စမျိုး အဲ့ဒါမျိုးလေးတွေကို တဖြေးဖြေး ပိုဂရုစိုက် လာတယ်။ အဲ့အတွက် ထုတ်ပြန်တယ်လို့ပဲ မြင်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ရွှေလီရှိ ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုချမ်းမြေ့က တရုတ်ဘက်မှ သတိပေးချက် ထုတ်ပြန်ထားသော်လည်း ပြည်တော်ပြန်များကိုမူ နေရပ်ပြန်ခွင့် ပြုထားကြောင်း ပြောသည်။

၎င်းက“စောစောရက်ကတော့ ပြည်တော်ပြန်တွေကို ခဏနားထားတယ်။ ဒီနေ့ပြန်ပို့တယ်။ ပြန်ချင်တဲ့သူတွေကို စာရင်းပေး ပြီးတော့ အလှည့်ကျနဲ့ သူတို့ပြန်ပို့နေပါတယ်။ သက်ဆိုင်ရာ ရဲစခန်းတွေကနေပြီးတော့ ရွှေနန်းတော်ဂိတ်ကနေ ပြန်လည် ပို့ ဆောင်ပေးနေပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရွှေလီမြို့ရှိ မြန်မာများက စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းများပိတ်ထားသည့်အတွက် နေထိုင်ရေး အခက်အခဲကြောင့် နေရပ် ပြန်ရန် တောင်းဆိုသည့်အတွက် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် ပြီးခဲ့သည့် ဇူလိုင်လ (၂၆)ရက်နေ့မှစတင်ကာ လက်ရှိအချိန်ထိ မူဆယ်မြို့နယ် နန်းတော်ဂိတ်ပေါက်မှ နေရပ်ပြန်ခွင့်ပြုခဲ့ပြီး နေရပ်ပြန်သူဦးရေ ၁၀၀၀၀(တစ်သောင်း)ကျော်ရှိကြောင်း သိရ သည်။