ဝါရှင်တန်၊ အောက်တိုဘာ ၂၀
ပြီးခဲ့သည့် ဩဂုတ်လက အာဖဂန်နစ္စတန်နိုင်ငံတွင် အာဏာပြန်လည်ရရှိခဲ့သော တာလီဘန်များသည် အမေရိကန်နိုင်ငံ၌ အများဆုံးချုပ်ကိုင်ထားသော အာဖဂန်ဗဟိုဘဏ်မှ အရန်ငွေကြေးများကို ထုတ်ယူ သုံးစွဲနိုင်ခြင်းရှိမည်မဟုတ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝေလီအဒီယဲမိုက ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းကို ကိုးကား၍ အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။
“တာလီဘန်တွေအပေါ် ကျနော်တို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်ထားဖို့ မရှိမဖြစ်လိုအပ်တယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အာဖဂန်ပြည်သူတွေအတွက် တရား ဝင်လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ နည်းလမ်းတွေ ရှာကြံရမှာဖြစ်ပါတယ်။ ဒါက ကျနော်တို့ လက်ရှိကိုင်တွယ်နေတဲ့ အရေးကိစ္စပါပဲ” ဟု ဝေလီ အဒီယဲမိုက အမေရိကန်အထက်လွှတ်တော်၊ ဘဏ်လုပ်ငန်းကော်မတီသို့ ပြောကြားခဲ့သည်။
တာလီဘန်အစိုးရအနေဖြင့် စီးပွားရေးအကျပ်အတည်းကို ထိန်းနိုင်ဖို့ ရုန်းကန်နေရချိန်တွင် အာဖဂန်နစ္စတန် ဗဟိုဘဏ်မှ အရန်ငွေကြေး ဒေါ်လာ ၉ ဘီလီယံကျော် ပိတ်ဆို့တားဆီးခြင်းမပြုရန် အမေရိကန်ကို တောင်းဆို ထားသည်။
ယခုနှစ်၊ ဩဂုတ်လ၌ အမေရိကန်တပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် တာလီဘန်တို့ အာဖဂန်နစ္စတန်တွင် အာဏာပြန်လည်ရလာခဲ့သည်။
ယခုအခါ အာဖဂန်နစ္စတန်တွင် ကြီးမားသည့် လူသားချင်းစာနာမှုအကျပ်အတည်းဖြစ်နေပေါ်ချိန်တွင် အမေရိကန် နှင့် အခြားအနောက်အုပ်စုနိုင်ငံများသည် ရွေးချယ်စရာနည်းလမ်း အခက်အခဲများနှင့်လည်း ရင်ဆိုင်နေရသည်။ လူသားချင်းစာနာမှုအကူအညီများ အာဖဂန်နိုင်ငံအတွင်းသို့ ပေးပို့နိုင်အောင် တာလီဘန်များနှင့် မည်သို့မည်ပုံ ထိတွေ့ဆက်ဆံရမည့်အရေးအတွက် အနောက်အုပ်စုနိုင်ငံများက နည်းလမ်းများ ရှာကြံနေဆဲဖြစ်သည်။
“ကျနော်တို့ရည်မှန်းချက်က တာလီဘန်တွေနဲ့ ဟက်ကာနီကွန်ရက်တွေကို ပိတ်ဆို့နိုင်ဖို့ လုပ်ဆောင်ရေးပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ လူသားချင်းစာနာမှုအကူအညီတွေ အာဖဂန်ပြည်တွင်း စီးဆင်းနိုင်အောင်လည်း လုပ်ဆောင်ဖို့ ခွင့်ပြုထားပါတယ်” ဟု ဝေလီအဒီယဲမိုက ဆက်လက်ပြောကြားခဲ့သည်။
ဟက်ကာနီကွန်ရက်သည် ပါကစ္စတန်နယ်စပ်အနီးတွင် အခြေစိုက်ထားပြီး တာလီဘန်များနှင့်လည်း ဆက်နွှယ်နေသည့်အဖွဲ့ဖြစ်သည်။ အသေခံဗုံးခွဲမှုများတွင် ဟက်ကာနီကွန်ရက် ၏ပယောဂမကင်းသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်ခံနေရသော အဖွဲ့လည်းဖြစ်သည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်လက အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့ အထောက်အပံ့များ စီးဆင်းအောင် လမ်းဖွင့်ပေးခဲ့သော်လည်း တာလီဘန်တို့ကို အထွေထွေလိုင်စင်များချထားပေးရေးအတွက် ဒဏ်ခတ်ပိတ်ဆို့ထားခဲ့သည်။