သီရိနာဂါ၊ အောက်တိုဘာ ၂၀

အိန္ဒိယအစိုးရကို ဆန့်ကျင်သည့် သူပုန်များက ၎င်းတို့တပ်ဖွဲ့ဝင် ၄ ဦး နှစ်ရက်အတွင်းပစ်သတ်ခံခဲ့ရခြင်းကြောင့် နောက်ထပ် တိုက်ခိုက်မှုများ ပြုလုပ်ရန် ခြိမ်းခြောက်နေသည့်အတွက် ထိုဒေသမှ ရွှေ့ပြောင်းလုပ်သားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

ဒါ့အပြင် အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသရှိ မသင်္ကာသူမှန်သမျှကို ၎င်းတို့မှ ဖမ်းဆီးစိစစ် ခြင်းများလည်း ပြုလုပ်နေသည်ဟု ဆိုသည်။

အဆိုပါ ကက်ရှ်မီးယားသူပုန်များသည် ဆယ်စုနှစ်များစွာတိုင်အောင် တိုက်ပွဲဝင်နေပြီး ကက်ရှ်မီးယားကို လွတ်လပ်သောပြည်နယ်တစ်ခုအဖြစ် ရပ်တည်ရေး (သို့မဟုတ်) အိမ်နီးချင်းပါကစ္စတန်နှင့် ပြည်နယ်တစ်ခုတည်း ပေါင်းစည်းရေးတို့ တောင်းဆိုနေကြပြီး ဟိမဝန္တာဒေသတစ်ခုလုံးကိုလည်း ၎င်းတို့ပိုင်နက်ဟု ဆိုထားသည်။

အောက်တိုဘာ ၁၇ ရက်က ကက်ရှ်မီးယားဒေသခံမဟုတ်ဘဲ ဘီဟာပြည်နယ်သား အလုပ်သမားနှစ်ဦးသည် ကူဂမ်ခရိုင်တောင်ပိုင်း၊ ဂျန်ဂျီပိုရာကျေးရွာအနီး ၎င်းတို့ငှားရမ်းနေထိုင်သော တည်းခိုခန်းအတွင်းသို့ ဝင်ရောက် ပစ်သတ်ခြင်းခံခဲ့ရသည်။ ၎င်းတို့နှစ်ဦးမှာ ရာဂျာရက်ရှီဒက်နှင့် ဂျိုဂျင်ဒါရက်စီဒက်တို့ဖြစ်ကြကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်တွင် နောက်ထပ်အလုပ်သမားတစ်ဦးလည်း ဒဏ်ရရှိသွားခဲ့သည်။

ယင်းနေ့မတိုင်မီ တစ်ရက်ကလည်း သီရိနာဂါအစ်ဂက်ဒေသရှိ ဟိန္ဒူဈေးသည်တစ်ဦးနှင့် ပူဝါမာခရိုင်ရှိ မွတ်ဆလင် လက်သမားတစ်ဦးတို့လည်း အလားတူပစ်သတ်ခံရသည့်ပုံစံဖြင့် သေဆုံးမှုရှိခဲ့သေးသည်။

ယခုလ တစ်လအတွင်းမှာပင် ကက်ရှ်မီးယားဒေသခံမဟုတ်သည့် အလုပ်သမား ၅ ဦးအပါအဝင် အရပ်သား အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။ ယင်းသို့ သတ်ဖြတ်ခံရခြင်းသည် ကက်ရှ်မီးယားဒေသအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ဆက်စပ်နေပြီး ယင်းအကြမ်းဖက်မှုများကြောင့်လည်း သေဆုံးသူ ၃၃ ဦး သီးခြားစာရင်း ရှိသေးသည်။ အဆိုပါစာရင်းထဲတွင် သူပုန် ၁၃ ဦးနှင့် အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးမှုလည်း အပါအဝင်ဖြစ်သည်။

တိုက်ခိုက်မှုများ ခပ်စိတ်စိတ်ဖြစ်ပွားလာသဖြင့် ရာနှင့်ချီသော ရွှေ့ပြောင်းလုပ်သားများကို အိန္ဒိယတပ်စခန်းများ (သို့မဟုတ်) အခြားလုံခြုံစိတ်ချရသောအဆောက်အဦများသို့ ပို့ဆောင်ထားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကက်ရှ်မီးယားဒေသခံမဟုတ်သည့် ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထား သတ်ဖြတ်မှု များလည်း ရှိလာခဲ့သည်။

ဒေသခံအစိုးရတာဝန်ရှိသူများက ၎င်းရွှေ့ပြောင်းလုပ်သားများ အထိတ်တလန့်ဖြစ်နေခြင်းကို ဖြေဖျောက်ရန်နှင့် လုံခြုံစိတ်ချရသောနေရာများ၌သာ ဆက်လက်နေထိုင်ရန် တိုက်တွန်းခဲ့သော်လည်း ကက်ရှ်မီးယားရောက် ရွှေ့ပြောင်းလုပ်သားများအကြား မရေရာမှုများ ကြီးထွားလာနေသည်။