၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၂၀
နောက် ၆ လမှာ တော်လှန်ရေး ဘယ်လိုအဆုံးသတ်မလဲ စဉ်းစားထားရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီးချုပ်ဖြစ်သူ ဦးမန်းဝင်းခိုင်သန်းက အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြုလုပ်သည့် NUG ၏ ၂၈/၂၀၂၁ အစည်းအဝေးမှာ ပြော သွားခဲ့သည်။
ယခု NUG တာဝန်ယူလာသည်မှာ ၆ လရှိသွားပြီဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနများ၏ လုပ်နိုင်စွမ်းများကို ပြန်လည်သုံး သပ်ကြပြီး လိုအပ်ချက်ရှိသည့်အပိုင်းများ ပြင်ဆင်ကြရန်လိုကြောင်း၊ နောက် ၃ လအတွင်း မည်သည့် လုပ်ငန်းများ အောင် မြင်အောင်လုပ်ကြမည်နည်း ပြင်ဆင်ကြရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။
ဦးမန်းဝင်းခိုင်သန်းက “နောက် ၆ လဆိုရင် ကျနော်တို့ အောင်မြင်မှုတွေနဲ့ ဒီတော်လှန်ရေးကို ဘယ်လို အဆုံးသတ်ကြ မလဲ ဝိုင်းဝန်းကြိုတင်စဉ်းစား ထားကြရတော့မှာဖြစ်ကြောင်း၊ အခက်အခဲတွေကို တောင့်ခံပေးနေကြတဲ့ ပြည်သူတွေ အတွက် စဉ်းစားပြီး ပိုအားစိုက်ကြိုးပမ်းကြဖို့ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအား တိုက်တွန်းချင် ပါတယ်”ဟု ပြောသည်။
NUG ကို ၂၀၂၁ ခုနှစ်၊ဧပြီလ ၁၆ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ သက်တမ်း ၆ လကျော်ခဲ့ပြီး ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ နစကနှင့် NUG တို့သည့် သူ့ယုံကြည်မှုနှင့်သူ ပြောနေကြခြင်းဖြစ်ပြီး လာမည့် ၆ လအလွန်မှာ အဖြူ-အမဲ ကွဲကွဲပြားပြား အဆုံးဖြတ်ပေးနိုင်မည့် အခြေအနေ ရောက်ရန် မလွယ်သေးဘူးဟု ပြောသည်။
ပုံ-NUG ၏ အောက်တိုဘာ ၁၉ ရက် ၂၈/၂၀၂၁ အစည်းအဝေး ကျင်းပနေသည်ကိုတွေ့ရစဉ်။(NUG)
၎င်းက “၆ နှစ်ပြည့်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၅၅ မိနစ်ကြာတဲ့မိန့်ခွန်းမှာ ဘာထည့်ပြောသွားလဲဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေကို သူတို့အဖွဲ့က တရားဝင်အစိုးရမဟုတ်သလိုလို စိတ်ကူးယဉ်ထားတာမျိုးတွေပေါ့ဗျာ။ အဲဒါ မျိုးတွေ မဖြစ်သင့်ဘူးဆိုတော့ ပြောတယ်ဗျ။ ဒါကြောင့် စစ်ကောင်စီကလည်း သူ့ဘာသာသူ ခိုင်မာတယ်၊ ရေရှည်သွား မယ်။ သူရဲ့ ၂၀၂၃ ရွေးကောက်ပွဲ ရည်မှန်းချက် တွေကို အခိုင်အမာလုပ်မယ်ဆိုတဲ့ သဘောမျိုးတွေ ပြောတာပေါ့ဗျာ။ အခု လည်းပဲ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အခြေအနေတွေ၊ နိုင်ငံတကာဖိအားတွေ၊ တိုးတက်မှုတွေ၊ ပြည်တွင်းက ပြည်သူလူထု အုံကြွတော်လှန်မှုတွေကို သုံးသပ် ပြီးတော့မှ သူလည်း ၆ လ အလွန်မှာ End Game ပေါ့ ပွဲသိမ်း၊ ပွဲပြီး ဖြစ် နိုင်ခြေကို မှန်းပြီးတော့ ပြောတာလည်း ဖြစ်နိုင် တာ ပေါ့ဗျာ။ နှစ်ဦး နှစ်ဖက်ကတော့ ကိုယ့်ဘက်ကို အထင်ကြီးကြတဲ့ သဘောမျိုးတော့ ရှိတယ်ဗျ။ ဒါကြောင့် ကျနော့် အတွေ့အကြုံ အရပြောရင်တော့ ဘယ်ဟာမှတော့ မလွယ်သေးဘူးလို့ ထင်တယ်လေ၊ ၆ လနဲ့တော့ တစ်စုံတစ်ရာ အတိုင်း အတာတော့ ရှေ့တိုးနိုင်မယ်၊ အဆုံးအဖြတ်ကာလကတော့ ရှိချင်မှ ရှိ မယ်လို့ တွက်တာပေါ့ဗျာ”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် နစကနှင့် NUG သည် အစိုးရတစ်ရပ်အဖြစ် တာဝန်ယူအုပ်ချုပ်နိုင်ရေး အားပြိုင်နေကြသည်။ နစက-ကတော့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ကိုင်တွယ်ထားနိုင်ပြီး ဥပဒေပြုရေး အခန်းကဏ္ဍမှာ လွှတ်တော်မရှိသည့်အတွက် မဆောင်ရွက်နိုင်သေးပေ။
NUG ကမူ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စသည့် အခန်းကဏ္ဍများ ကိုင်တွယ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းနေ ဆဲ အခြေအနေမှာ ရှိနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။
သို့သော် လက်ရှိတွင် နစကနှင့် NUG သည် အစိုးရတစ်ရပ်အနေဖြင့် ရပ်တည်နိုင်ရေးအတွက် သံတမန်ရေး ယှဉ်ပြိုင်မှုတွင် နိုင်ငံတကာ အသိအမှတ်ပြုမှု ရယူနိုင်ရေး အားပြိုင်နေကြရသလို အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် လည်း စစ်ရေးအရ အားပြိုင်နေကြရသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကတော့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ကို ချမှတ်ကာ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသလို ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပသွား မည်ဟု ထုတ် ဖော် ပြောကြားထားသည်။