CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၀

ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်က အမေရိကန်နိုင်ငံ၊ ကာပီတယ်လ်အဆောက်အဦ အဓိကရုဏ်းအတွက် အောက် လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မတီက အိမ်ဖြူတော်လက်ထောက်ဟောင်းလည်းဖြစ် အဓိကပါဝင်ပတ်သက် သူလည်းဖြစ်သူ စတိဗ်ဘန်နွန်ကို ကွန်ဂရက်(လွှတ်တော်)အတွင်း ရှုတ်ချရန် အောက်တိုဘာ ၁၉ ရက်က မဲခွဲ ခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

စတိဗ်ဘန်နွန်သည် ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ကာလအတန်ကြာ လက်တွဲခဲ့သူဖြစ်ပြီး ဇန်နဝါရီ ၆ ရက် အဓိကရုဏ်နှင့်ပတ်သက်၍ လွှတ်တော်စုံစမ်းရေးကော်မတီက စာရွက်စာတမ်းနှင့် သက်သေဆင့်ခေါ်စာဖြင့် တောင်းခံခဲ့ခြင်းအပေါ် ကြိမ်းမောင်းခြိမ်းခြောက်ခဲ့သူဖြစ်သည်။

ဇန်နဝါရီ ၆ ရက်က ဝါရှင်တန်မြို့တော်ရှိ ကာပီတယ်လ်အဆောက်အဦ၌ ဘိုင်ဒန်ကို ရွေးကောက်ပွဲအနိုင်ရသူအဖြစ် အတည်ပြုရန် ကိုယ်စားလှယ်မဲများ ရေတွက်မှုအကြောင်း အချေ အတင်ဆွေးနွေးနေကြစဉ် ထရမ့်အား ထောက်ခံ သည့် ဆန္ဒပြသူများ လွှတ်တော်အတွင်းသို့ အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့သည့်အတွက် ထိုနေ့က ဆွေးနွေးနေမှု များ ကြန့်ကြာခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။

အဆိုပါ ဇန်နဝါရီ ၆ ရက်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ခိုင်လုံသည့် ဖြစ်ရပ်မှန်များနှင့် သက်သေများကို စုဆောင်းနိုင်ခဲ့ပြီ ဖြစ်၍ ယနေ့ကာလတွင် လွှတ်တော်စုံစမ်းရေးကော်မတီအနေဖြင့် ဖော်ထုတ်နေခြင်းအပေါ် မိမိတို့ နောက်ဆုတ် မည်မဟုတ်ကြောင်း လွှတ်တော်အမတ်များက ရှင်းရှင်းလင်းပြောကြားထားခဲ့သည်။

“စတိဗ်ဘန်နွန်ဟာ ကျနော်တို့ ဆင့်ခေါ်စာတွေအားလုံးကို တစ်ဦးတည်းရပ်တည်ပြီး အတိအလင်း ဖီဆန် နေပါတယ်။ ဒီအတွက် အဖြေကို ခုံအဖွဲ့တစ်ခုတည်းနဲ့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး” ဟု လွှတ်တော်စုံစမ်းရေး ကော်မတီဥက္ကဋ္ဌ ဘန်နီသွန်ပဆင်က အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။

ဘန်နွန်အပေါ် ရှုတ်ချရန် ယခုကဲ့သို့ မဲခွဲဆုံးဖြတ်ခြင်းသည် အခြားသက်သေများအတွက်လည်း သတိပေး လိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ သူတို့လုပ်ရပ်တွေကို တားမြစ်မှာ မဟုတ်ဘူး။ ကျနော်တို့အတွက် စိတ်အနှောင့်အယှက်လည်း မရှိပါဘူး။ အခုလုပ်ဆောင်နေတဲ့အတွက် ကျနော်တို့နောက်ကျမှာ မဟုတ်ဘူး” ဟု ဘန်နီသွန်ပဆင်က ဆက်လက် ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၉ ရက်၊ ညနေပိုင်းက အောက်လွှတ်တော်တစ်ရပ်လုံးသို့ ဘန်နွန်အပေါ် ရှုတ်ချရန် မဲများကို ပေးပို့ခဲ့ပြီး အောက်တိုဘာ ၂၁ ရက်တွင် ရလဒ်များ ထွက်ပေါ်မည်ဟု မျှော်လင့်ရသည်။ မဲခွဲ၍ လွှတ်တော် ခွင့်ပြုချက်ရရှိလာလျှင် ၎င်းအမှုကို တရားရေးဌာနသို့ ပို့ဆောင်သွားမည်ဖြစ်ပြီး ဘန်နွန်ကို ရာဇဝတ်မှုဖြင့် စွဲချက်တင်ရန် ဆုံးဖြတ်ကြမည်ဖြစ်သည်။

လက်ရှိ ဘိုင်ဒန်၏အိမ်ဖြူတော်က ဘန်နွန်၏ ပြောကြားချက်များကို ပယ်ချခဲ့ပြီး ဘန်နွန်၏ရှေ့နေထံသို့ ဒုတိယအတိုင်ပင်ခံ ဂျွန်နသတ်စုက စာရေးသားပေးပို့ရာ၌ “ဒီအချိန်မှာ ခင်ဗျားရဲ့အမှုသည် အစစ်ဆေးခံဖို့ ငြင်းဆန်ခြင်းအတွက် ဘယ်လိုအကြောင်းအခြေခံရှိသလဲဆိုတာ ကျနော်တို့ ထည့်မတွက်ပါဘူး” ဟု ထည့်သွင်းရေးသားခဲ့သည်။

ယင်းသို့ ဇန်နဝါရီ ၆ ရက်ဖြစ်စဉ်ကို လွှတ်တော်စုံစမ်းကော်မတီ၏ဆင့်ခေါ်စစ်ဆေးနေခြင်းအပေါ် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က လိုက်လံနှောင့်ယှက်ခြိမ်းခြောက်ခြင်းများ ရှိနေခဲ့ကြောင်း ပြီးခဲ့သည့်စက်တင်ဘာလက အမေရိကန်ပြည်တွင်းမီဒီယာများ ရေးသားဖော်ပြပြီးဖြစ်သည်။