၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၀
အကျဉ်းထောင်၊အချုပ်ထောင်၊စခန်း အသီးသီးတွင် အကျဉ်းကျ ခံနေကြရသူ အကျဉ်းသား/သူများကို လွတ်ငြိမ်းသက်သာ ခွင့်ပြုနေသည်မှာ အပေါင်းလက္ခဏာဆောင်သည့်အရာ လုပ်ပြသည့် သဘောဖြစ်ကြောင်း ပအို၀်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
၎င်းက “အခုစစ်ကောင်စီ တက်လာပြီးကတည်းက အနုတ်လက္ခဏာဆောင်တဲ့ ပြဿနာတွေကြီးပဲ များနေတော့ အခု အပေါင်း လက္ခဏာ ဆောင်တာလေး တစ်ခု၊ နှစ်ခု လုပ်ပြတဲ့ သဘောပေါ့ဗျာ။ အပေါင်းလက္ခဏာ ဆောင်တဲ့ဟာက အများ ပြည်သူ ကြိုက်အောင်၊ နောက်ပြီးတော့ နိုင်ငံတကာက ကြိုက်အောင် လူ့အခွင့်အရေးကနေ ကြိုက်အောင် တဆင့်ပြီး တဆင့် လုပ် လာမှာပေါ့။ ဒါကလည်း အဆင့်တစ်ခုခု ရိုးရိုးလူတွေကို လွတ်ပေး၊ အဆင့်တစ်ခုရှိတဲ့ လူတွေကို လွတ်ပေး စသည်ဖြင့် ပေါ့လေ၊ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ငန်းလေးတွေ တချို့ လုပ်ပြနိုင်တာပေါ့ဗျာ”ဟု CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌသည် အကျဉ်းကျ ခံနေကြရသူ အကျဉ်းသား/သူ ၁၃၀၀ ကျော်ကို လွတ် ငြိမ်း သက်သာခွင့် ပြုလိုက်သလို တရားစွဲဆို အမှုရင်ဆိုင် နေကြရသူ ၄၀၀၀ ကျော်ကိုလည်း အမှုရုပ်သိမ်းပေးလိုက်ကြောင်း နစက-က အောက်တိုဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပုံ-လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်လာသည့်အထဲ မုံရွာအောင်ရှင်လည်း ပါ၀င်ခဲ့သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းခမ်းစံက နစကအနေဖြင့် ယခုကဲ့သို့ လွတ်ငြိမ်းသက်သာခွင့် ပေးခြင်းမှာ ယခင်ကတည်းက လုပ်နေကျဖြစ်သလို တင်းမာမှုကို လျှော့ချသည့်အနေဖြင့် လုပ် ဆောင်နေခြင်းဖြစ်သည်ဟု မြင်မိကြောင်း ဆိုသည်။
၎င်းက “အာဆီယံ အထူးကိုယ်စားလှယ်တွေက ဒီပြည်တွင်းထဲကို လာမှာလေ။ သူတို့က ပြင်ဆင်ထားတယ်။ ဒါပေမဲ့ မလာ ဖြစ်ဘူးလို့ ပြောတာပဲ။ ပြင်ဆင်တဲ့ သဘောလည်း ဖြစ်နိုင်တယ်ခင်ဗျ။ နောက် သမိုင်းကြောင်းကို ကြည့်လို့ရှိရင်လည်း ခေတ် အဆက်ဆက်မှာ စစ်အာဏာရှင်တွေက သူတို့ ဖမ်းလိုက်လို့ရှိရင် တင်းမာမှုရှိတဲ့အချိန် နိုင်ငံရှုပ်ထွေးနေတဲ့အချိန်ဆို သူတို့ ဖမ်းထားတယ်။ နည်းနည်း တည်ငြိမ်သွားလို့ရှိရင် ပြန်လွတ်ထားတယ်။ နည်းနည်းဆီ ပြန်လွတ်တယ်။ တချို့ဟာတွေဆို ပြန်ဖမ်းတယ်ပေါ့နော်၊ ဆန္ဒရှိလို့ လွတ်လိုက်တာ မဟုတ်ဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
နစကမှ လွတ်ငြိမ်းသက်သာခွင့် ပေးနေသည်မှာ ခံဝန်ထိုး၍ လွတ်ခြင်းဖြစ်၍ အချိန်မရွေး ပြန်လည် ဖမ်းဆီးမှုများ ပြုလုပ် နိုင်သည်ဟု ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။
ပုံ- နစကဥက္ကဋ္ဌ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွတ်မြောက်လာသူများကိုတွေ့ရစဉ်။(MPA)
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းကတော့ နစကအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ဖိအားကြောင့်ဆိုတာထက် ပူးပေါင်းဆောင်ရွက်မှုဟုမြင်ကြောင်း ဆိုသည်။
လက်ရှိတွင် အကျဉ်းသား/သူ ၁၃၁၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့သလို တရားစွဲဆိုခြင်း ခံနေရသူ ၄၃၂၀ ဦးတို့ ၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤအမိန့်ကို ထုတ်ပြန်ခဲ့သည်ဟု နစက-က အောက်တိုဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။
ထိုသို့ ထုတ်ပြန် ကြေညာပြီးနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြန်ကြားရေးတာ၀န်ခံ မုံရွာအောင်ရှင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဥက္ကဋ္ဌ တချို့ အပါအ၀င်၊ သတင်းမီဒီယာသမားများ၊ တက်ကြွလှုပ်ရှားသူများကို လွတ်ပေးခဲ့သည်။