ဘန်ကောက်၊ အောက်တိုဘာ ၂၀

ထိုင်းဝန်ကြီးချုပ်(ဗိုလ်ချုပ်ကြီး)ပရာယွတ်ချန်အိုချာက ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် ဒီဇယ်ဈေးနှုန်းကို တစ်လီတာလျှင် ဘတ် ၃၀ သတ်မှတ်ရန် အမိန့်ထုတ်ခဲ့ကြောင်း ဘန်ကောက်ပို့စ် ဝက်ဘ်ဆိုက်က ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် ရေးသားဖော်ပြသည်။

ဝန်ကြီးချုပ်က အောက်တိုဘာ ၁၉ ရက်တွင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ဒီဇယ်ဈေးကို တတ်နိုင်သမျှ ဘတ် ၃၀ သာ ထားရှိနိုင်ရန် ညှိနှိုင်းလမ်းညွှန်ခဲ့သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးပျက်ပြားခြင်းအပါအဝင် အခြားအကြောင်းများကြောင့် ကမ္ဘာ့ လောင်စာဆီဈေး ပိုတက်လာနိုင်ကြောင်း၊ လက်ရှိ ဒီဇယ်ဈေးတက်ခြင်းအပေါ် စိုးရိမ်ပူပန်မိကြောင်း ဝန်ကြီးချုပ် (ဗိုလ်ချုပ်ကြီး)ပရာယွတ်က ပြောကြားခဲ့သည်။

ထိုင်းပြည်တွင်းကို ပြန်ကြည့်လျှင် လောင်စာဆီဈေး တည်ငြိမ်အောင် ထိန်းညှိပေးနိုင်သည့် လောင်စာဆီ အရန် ငွေကြေးထားရှိသော်လည်း ယင်းအရန်ငွေကြေးမှာလည်း အကန့် အသတ်ဖြင့်သာ ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဒီဇယ်ဈေးအတက်အကျနှင့် နေ့စဉ်ကုန်ဈေးနှုန်းများ တဟုန်ထိုးတက်နေရခြင်းအတွက် အစီအမံများ ညှိနှိုင်း အကောင်အထည်ဖော်သွားရန် ဒုတိယဝန်ကြီးချုပ်နှင့် စွမ်းအင်ဝန်ကြီး စူပသက်နာပေါင်ပန်မီချောင်ကို ပရာယွက်က တာဝန်ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရေး မှာကြားခဲ့သည်။

ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနသည် ဒီဇယ်ဆီ တစ်လီတာ ၂၅ ဘတ်နှုန်းထားရှိရန် လုပ်ငန်းရှင်များဘက်မှ တောင်းဆိုချက်များကို နွေးထွေးစွာ တုံ့ပြန်ဖြေရှင်းပေးနေသည်။

တစ်လီတာကို ဘတ် ၃၀ အောက်နိမ့်ကျသွားပြီဆိုလျှင် ပြဿနာမရှိနိုင်တော့ကြောင်း စွမ်းအင်ဝန်ကြီးက အခိုင်အမာပြောကြားခဲ့သည်။ ယခုအခါ ထိုင်းပြည်နယ်အတော်များများ၌ Truck Power ဟု ခေါ်သည့် ဒီဇယ်ဈေး ကျဆင်းရေး တောင်းဆိုလှုပ်ရှားမှုများကို ဝန်ကြီးဌာနအနေဖြင့် ကိုင်တွယ်ဖြေရှင်းပေးနေရသည်။

အဆိုပါတောင်းဆိုလှုပ်ရှားမှုများ၌ ကုန်တင်ကားကြီး အစီးရေ ၁၀၀၀ ခန့်ရှိ ယာဉ်မောင်း၊ ယာဉ်လုပ်သားများ ပါဝင်ခဲ့ကြောင်း ထိုင်းကုန်းလမ်းပို့ဆောင်အဖွဲ့ချုပ် (LTFT) ၏ အကြံပေး သောင်ဂျိုးကွန်ကန်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၁၉ ရက်က ဒီဇယ်ဈေး တစ်လီတာလျှင် ၂၉ ဘတ်အထိ တက်သွားသောကြောင့် ယင်းဆီဈေးကို ဆန်ကျင်သောအားဖြင့် ကုန်တင်ယာဉ်မောင်းများသည် လမ်းကြောင်း ၇ ခုကိုမောင်းနှင်ရင်း ၎င်းတို့ယာဉ်များတွင် စာတန်းများကပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ၎င်းတို့အဓိကတောင်းဆိုချက်မှာ အစိုးရက တစ်လီတာလျှင် ၂၅ ဘတ်ဖြင့်သာ ရောင်းချပေးရေးဖြစ်သည်။

ထိုင်းနိုင်ငံတွင် လောင်စာဆီပြဿနာကို လျစ်လျူရှုခြင်းကြောင့် လက်ရှိအစိုးရကို ပြစ်တင်ဝေဖန်မှုများ တိုးလာနေပြီး ကုန်တင်ယာဉ်များနှင့် ခရီးသည်သယ်ယူပို့ဆောင်ရေး စရိတ်တက်လာသည့်အတွက် နှစ်နှစ်ဆက်တိုက် ကိုဗစ်ကပ်ရောဂါကြောင့် ဆင်းရဲဒုက္ခရောက်နေသူများကို အခြေအနေပိုဆိုးလာစေခဲ့သည်။