မော်စကို၊ အောက်တိုဘာ ၂၁
ရုရှားနိုင်ငံသည် အောက်တိုဘာ ၂၀ ရက်က အာဖဂန်နစ္စတန်နိုင်ငံမှ တာလီဘန်များနှင့် အိမ်နီးချင်းနိုင်ငံအသီးသီးမှ အကြီး တန်း ကိုယ်စားလှယ်များ ပါဝင်သော
ဆွေးနွေးပွဲတစ်ရပ်ကို လက်ခံကျင်းပပေးခဲ့ကြောင်း အေပီသတင်းဌာနက ရေးသား ဖော်ပြထားသည်။
ထိုသို့ ကျင်းပပေးခြင်းမှာ အာရှအလယ်ပိုင်းတွင် မော်စကို ဩဇာလွှမ်းမိုးမှု အလေးပေးသော သံတမန် အသိုင်းအဝိုင်း ဖြစ်ပေါ် စေရန် ရည်ရွယ်ကြောင်း အေပီသတင်းဌာနက ဆက်လက် ရေးသားဖော်ပြထားသည်။
ဆွေးနွေးပွဲ အခမ်းအနားများကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေလက်ဗ်ရော့ဗ်က တက်ရောက်ဖွင့်လှစ်ခဲ့ပြီး “လူဦးရေ ၃၉ သန်းရှိသော အာဖဂန်နစ္စတန်နိုင်ငံ၌ တည်ငြိမ်အေးချမ်းရေး ရရှိရန် အမှန်တကယ် အားလုံးပါဝင်နိုင်သော အစိုးရတစ်ရပ် ဖြစ် ပေါ်လာရေး၊ အာဖဂန်တိုင်းရင်းသား အားလုံးသာမက တိုင်းပြည်အတွင်းရှိ နိုင်ငံရေးအင်အားစု အားလုံး၏ အကျိုးစီးပွား အပြည့်အဝ ထင်ဟပ်နိုင်ရေး” တို့ကို အလေးအနက် ပြောကြားခဲ့ကြောင်း ဆိုသည်။
ရုရှားသည် တာလီဘန်များနှင့် ဆက်ဆံရေးထူထောင်ရန် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော်လည်း ၎င်းတို့ကို ၂၀၀၃ ခုနှစ်က အကြမ်းဖက်အဖွဲ့ စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ကာ ယခုအထိ ထိုစာရင်းမှ ပယ်ဖျက်ခြင်းလည်း မရှိသေးပေ။
အကြမ်းဖက် အဖွဲ့အစည်းမှန်သမျှနှင့် အဆက်အသွယ် ပြုလုပ်ခြင်းကို ရုရှားဥပဒေအရ အပြစ်ပေး အရေးယူနိုင်သည်။ သို့သော် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အာဖဂန်နစ္စတန် တည်ငြိမ်ရေး ကူညီရန် တာလီဘန်များနှင့် ၎င်းတို့ အပြန်အလှန် ဆွေးနွေး မှုများ မရှိမဖြစ်လိုအပ်ကြောင်း တုံ့ပြန်ခဲ့သည်။
ပုံ-ရုရှားက ကျင်းပပေးသည့် ဆွေးနွေးပွဲမှာ တွေ့ရသည့် တာလီဘန်ကိုယ်စားလှယ်များ။(AP)
ထို့ပြင် အခြားနိုင်ငံများနှင့် မတူညီသည့် အချက်မှာ ရုရှားသည် ကဘူးလ်မြို့ရှိ ၎င်း၏သံရုံးကို မရွှေ့မပြောင်းဘဲ ဆက်လက် ထားရှိခဲ့ပြီး ၎င်းသံအမတ်နှင့် တာလီဘန်များ ပုံမှန်အဆက်အသွယ်ရှိနေခဲ့သည်။ ဩဂုတ်လ၌ အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ် မြို့တော်ကို တာလီဘန်များ သိမ်းပိုက်ပြီးချိန်မှစ၍ ရုရှားနှင့် သံတမန် အဆက်အသွယ် မပြတ်တောက်ခဲ့ပေ။
နိုင်ငံအတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေ တည်ငြိမ်စေရန်နှင့် ပြည်နယ်တည်ဆောက်ပုံများ သေချာစေရန် တာလီဘန် များ၏ ကြိုးပမ်းမှုများကို ဆာဂျေလက်ဗ်ရော့ဗ်က ချီးကျူးခဲ့သည်။
“အာဖဂန်နစ္စတန်မှာရှိတဲ့ ရုရှားနိုင်ငံသားတွေနဲ့ ကဘူးလ်က ကျနော်တို့သံရုံး အနှောင့်အယှက် ကင်းကင်းနဲ့ လုပ်ငန်း ဆက် လက် လည်ပတ်ခွင့်ပေးတဲ့ အာဖဂန်အာဏာပိုင်တွေနဲ့ လက်တွေ့ကျကျ အပြန်အလှန် ဆက်ဆံရေးအဆင့်ကို ကျနော်တို့ ကျေနပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် လူ့အခွင့်အရေး လေးစားရန်နှင့် မျှတသော လူမှုမူဝါဒများ ချမှတ်ရန် အရေးပါပုံတို့ကို ဦးစားပေးလျက် ယခု ဆွေးနွေးပွဲများမတိုင်မီ တာလီဘန်ကိုယ်စားလှယ်အဖွဲ့နှင့် မိမိတို့ ကြိုတင်ညှိနှိုင်းခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ရုရှားသည် အာဖဂန်နစ္စတန်နိုင်ငံအတွင်းသို့ လူသားချင်း စာနာမှု အကူအညီများ မကြာမီ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်း က အသိပေး ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၀ ရက် ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သော တာလီဘန်ကြားဖြတ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် အဗ္ဗဒူ စလန်ဟာနာဖီက ယခုတွေ့ဆုံမှုများသည် ဒေသတစ်ခုလုံး တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးကြောင်း ပြောကြား ခဲ့သည်။