ဘာလင်၊ အောက်တိုဘာ ၂၁
ဘီလာရုစ်နိုင်ငံမှ ရောက်ရှိလာသော ရွှေ့ပြောင်းနေထိုင်သူများ ဂျာမနီနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုများ ကို နှိမ်းနင်းနိုင်ရန်အတွက် ပိုလန်နှင့်ဂျာမနီနယ်စပ်တွင် နှစ်နိုင်ငံပူးတွဲကင်းလှည့်မှုစတင်ရန် ဂျာမန်အစိုးရ ထိပ်တန်းလုံခြုံရေးအရာရှိတစ်ဦးက အောက်တိုဘာ ၂၀ ရက်က ကမ်းလှမ်းအဆိုပြုခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ယင်းကဲ့သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုပေါင်း ၄၅၀၀ ခန့်ကို ဂျာမနီအာဏာပိုင်များက မှတ်ပုံတင်ခဲ့ပြီးဖြစ်သည်။ အဆိုပါရွှေ့ပြောင်းနေထိုင်သူအများစုသည် ပိုလန်နိုင်ငံမှတစ်ဆင့် ဥရောပသမဂ္ဂနိုင်ငံများထံ ရောက်ရှိရေး မျှော်လင့်ချက်ဖြင့် ဘီလာရုစ်နိုင်ငံကို ဖြတ်သန်းလာသည့် ဆီးရီးယားနှင့်အီရတ်မှ လူများဖြစ်ကြကြောင်း ဂျာမန် အာဏာပိုင်များက ပြောကြားသည်။
တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို ဖော်ထုတ်ရန်နှင့် ပိုလန်နိုင်ငံဘက်ခြမ်း၌ နှစ်ဘက်ပူးပေါင်းကင်းလှည့်ရန် ဂျာမနီပြည်ထဲရေးဝန်ကြီး ဟိုရက်စ်စီဟိုဖာက အဆိုပြုခဲ့သော်လည်း အဖြေပြန်မရသေးကြောင်း ၎င်းက ပြောကြား ခဲ့သည်။
ဂျာမနီနိုင်ငံက ပိုလန်အတွက် နယ်ခြားစောင့်လုံခြုံရေး ထပ်မံပေးအပ်ခြင်းနှင့် အိုးအိမ် ရွှေ့ပြောင်းနေထိုင်သူ များအတွက် ထောက်ပံ့ပို့ဆောင်ခြင်းတို့ ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ဥရောပသမဂ္ဂအဖွဲ့ဝင် ပိုလန်နိုင်ငံနှင့်ဂျာမနီတို့နယ်စပ်တွင် ပုံမှန်နယ်ခြားစစ်ဆေးမှုများ စတင်ခြင်းကို ဂျာမနီဘက်မှ ရပ်တန့်လိုက်ပြီဟု ဟိုရက်စ်စီဟိုဖာက ဆက်လက်ပြောကြားခဲ့ပြီး နယ်စပ်ရှိ ဘရန်းဒီဘက် ပြည်နယ်အာဏာပိုင်များအနေဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ဆန့်ကျင်ရေးနှင့် ပိုမိုပြင်းထန်သည့် အရေးယူမှုများပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
“ဘယ်သူကမှ နယ်စပ်ပိတ်ဖို့ မရည်ရွယ်ပါဘူး။ ဒါပေမယ့် ဒီအချိန်မှာတော့ တရားဝင် မေးခွန်းထုတ်ဖို့ သိပ်ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုလန်တွေက သူတို့ဘက်ခြမ်းမှာ ပုံမှန်မဟုတ်တဲ့ လူဝင်မှု ကြီးကြပ်ရေးကို တားဆီးဖို့ အင်မတန်ခိုင်မာတဲ့ ပဏာမခြေလှမ်းတွေ လုပ်ဆောင်ခဲ့ကြလို့ပါပဲ” ဟု ဘာလင်တွင် ကျင်းပသော အစိုးရအဖွဲ့ အစည်းအဝေးတစ်ခုအပြီးတွင် သတင်းထောက်များကို ဂျာမနီပြည်ထဲရေးဝန်ကြီး ဟိုရက်စ်စီဟိုဖာက ပြောကြားခဲ့သည်။
အဆိုပါ ရွှေ့ပြောင်းလာသူများကို ကုန်တင်ယာဉ်များဖြင့် ပိုလန်နိုင်ငံကို ဖြတ်သန်းခေါ်ဆောင်လာပုံရသည်။ အောက်တိုဘာ ၁၉ ရက်ကလည်း ပိုလန်နိုင်ငံအနောက်ပိုင်း၌ ရွှေ့ပြောင်းလာသူ ၂၀ နီးပါးပါဝင်သည့် ပို့ဆောင်ရေး ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုရှိခဲ့သည်။
ပိုလန်နယ်နမိတ်ကို ကာကွယ်ရန် ပိုလန်အစိုးရကြိုးပမ်းမှုများကို ဂျာမနီနှင့်အခြားဥရောပနိုင်ငံများက ထောက်ခံ သော်လည်း ဂျာမနီအနေဖြင့် ပိုလန်-ဘီလာရုစ်နယ်စပ်၌ ရွှေ့ပြောင်းနေထိုင်သူများ၏ လူသားချင်း စာနာမှု အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများလည်း ရှိခဲ့ကြောင်း အေပီသတင်းတွင် ဆက်လက်ဖော်ပြထားသည်။