ကဘူးလ် အောက်တိုဘာ ၁၉
အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်ထိပ်တန်းသံတမန် ဇယ်မေးခါလီဇက်သည် အာဖဂန်မှ အမေရိကန်တို့ ဆုတ်ခွာပြီး တာလီဘန်များ သိမ်းပိုက်၍ နှစ်လမပြည့်မီ ၎င်းရာထူးမှ နှုတ် ထွက်သွားခဲ့ပြီဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်၌ ဖော်ပြထားသည်။
ဇယ်မေးခါလီဇက်၏နေရာကို ၎င်း၏လက်ထောက်ဖြစ်သူအား အစားထိုးခန့်အပ်မည်ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အောက်တိုဘာ ၁၈ ရက်၌ ကြေညာချက်တစ်စောင် ထုတ်ပြန်၍ ပြောကြားခဲ့ပြီး အာဖဂန် မြေပေါ်တွင် ကျန်ရစ်ခဲ့သည့် အမေရိကန်အကျိုးစီးပွားများအတွက် ကာတာနိုင်ငံ၊ ဒိုဟာမြို့ရှိ အမေရိကန်သံရုံးမှ တစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
“အာဖဂန်ပြန်လည်သင့်မြတ်ရေးအတွက် ကျနော်တို့ရဲ့အထူးကိုယ်စားလှယ်အနေနဲ့ ဇာမေးခါလီဇက် နှုတ်ထွက် သွားပြီဖြစ်ပါတယ်။ သူ့အနေနဲ့ အမေရိကန်ပြည်သူတွေအပေါ် ဆယ်စုနှစ်များစွာ တာဝန်ထမ်းဆောင်ခဲ့လို့ ကျနော်တို့ ကျေးဇူးတင်ပါတယ်” ဟု ဘလင်ကင်က ၎င်းကြေညာချက်ထဲတွင် ပြောကြားထားသည်။
ခါလီဇက်သည် ၎င်း၏နှုတ်ထွက်လွှာကို အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံခြားရေးရုံးသို့ ပို့ခဲ့ကြောင်း အမည်မဖော် လိုသူ တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
အာဖဂန်မှ အမေရိကန်တပ်များ ဆုတ်ခွာခဲ့ပြီးနောက် အောက်တိုဘာအစောပိုင်း၌ ဒိုဟာမြို့တွင် ကျင်းပခဲ့သော တာလီဘန်အစိုးရနှင့် ဘိုင်ဒန်အစိုးရတို့ ပထမဆုံးတရားဝင်တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံမှုအပြီးတွင် ယခု ကဲ့သို့ အမေရိကန်ထိပ်တန်းသံတမန် နှုတ်ထွက်ခြင်း ဖြစ်ပေါ်လာခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ထံသို့ ပေးပို့သည့် စာတစ်စောင်ထဲတွင် ခါလီဇက်က ၎င်း၏ ဆောင်ရွက်ချက် မှတ်တမ်းများကို ကာကွယ်ပြောဆိုခဲ့သော်လည်း အာဖဂန်အပေါ် မိမိတို့မူဝါဒသစ်၏အဆင့်များကို ဆက်လက် အကောင်အထည်ဖော်လိုခြင်း မရှိတော့ကြောင်း ရေးသားထားသည်။
“အာဖဂန်အစိုးရနဲ့ တာလီဘန်တွေအကြား နိုင်ငံရေးအစီအစဉ်ဟာ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ဘူး” ဟု ၎င်းက နိုင်ငံခြားရေးဝန်ကြီးထံ ရေးသားပေးပို့ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် တွေ့ရသည်။
“အာဖဂန်အရေးအတွက် အကြောင်းပြချက်တွေက အင်မတန်ရှုပ်ထွေးလွန်းလို့ လာမယ့်နေ့တွေမှာ ကျနော့် စိတ်ကူးကို နိုင်ငံခြားရေးဝန်ကြီးဆီ ပြောပြပါမယ်” ဟု ခါလီဇက်က ဆက်လက်ရေးသားခဲ့သည်။