၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌမှ အောက်တိုဘာ ၁၈ ရက်နေ့တွင် ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးခံထားရ သူများကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့သလို အမှုရင်ဆိုင်နေရသူများကိုလည်း အမှုရုပ်သိမ်းပေးခဲ့ခြင်းသည် နိုင်ငံတကာ နှင့်ပြည်တွင်းဖိအားကြောင့်ထက် ပူးပေါင်းဆောင်ရွက်မှုဖြစ်ဟု မြင်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေရသူ ၁၃၁၆ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့် ပြုကြောင်းနှင့် တရားရုံးအသီးသီးတွင် တရားစွဲဆိုခံနေရသူ ၄၃၂၀ ဦးတို့အား အမှုရုပ် သိမ်းပေးကြောင်း ကြေညာခဲ့သည်။
နစကအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ဖိအားကြောင့်ထက် ပူးပေါင်းဆောင်ရွက်မှုဟုမြင်ကြောင်း၊ အာဆီယံ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံနှင့် ပြည်သူကို ကိုယ်စားပြုနိုင်သူ တက်ရောက်ဆွေးနွေးမှသာ စေ့စပ်ညှိနှိုင်းရေး အဆင်ပြေ နိုင်မည်ဖြစ်ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းက ဆိုသည်။
ဦးရွှေမင်းက “ဒါက ထိုင်ခုံအလွတ် မရှိစေချင်လို့ ထိုင်ခုံအလွတ်တစ်ခုပေါ်မှာ လူပုဂ္ဂိုလ်တစ်ဦးဦး ဝင်ထိုင်ခိုင်းတဲ့ သဘောပါ ပဲ။ အကျိုးထိရောက်မှု၊ ဖြစ်ထွန်းမှုကတော့ ရှိမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ ကိုယ်စားပြုမှုကတော့ ရှိရမယ်။ ကိုယ်စားပြုမှုမရှိတော့ လူပုဂ္ဂိုလ်တစ်ဦးဦးက သွားပြီးတော့ ထိုင်ရင်လည်း အခြားသော ထူးခြားတဲ့ရလဒ်တွေတော့ ထွက် ပေါ်လာမှာ မဟုတ်ဘူး”ဟု CNI သတင်းဌာနသို့ ပြောသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကတော့ နစက၏ လုပ်ဆောင်မှု သည် အာဆီယံနှင့် ပြည်တွင်းဖိအားများကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။
“အာဆီယံရဲ့ ဖိအားလည်း ပါတာပေါ့နော်။ ပြည်တွင်းရဲ့ ဖိအားတွေလည်း အများကြီး သက်ဆိုင်တယ်လို့ မြင်ပါတယ်။ အဲ့ ဖိအား အစုံစုံကို လုပ်ရိုးလုပ်စဥ်တိုင်း အလျော့ပေးတဲ့ သ ဘောမျိုးဆန်ဆန် လုပ်ကြတာပေါ့။ ဒါပေမယ့် ဒါဟာလည်းပဲ ပြီးပြည့်စုံတဲ့ အနေအထားမျိုး မဟုတ်သလို သူတို့ရဲ့ လက်ကုန်နှိုက်ထားတဲ့ အနေထား မဟုတ်သေးဘူး။ ဒီ့ထက်ကိုမှ ပရိယာယ်တွေ စဉ်းစားနိုင်သေးတယ်လို့ မြင်ပါတယ်”ဟု ၎င်းကဆိုသည်။
ယခုနှစ် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပရန်ရှိသည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ နစက ဥက္ကဋ္ဌ အား တက်ရောက်ခွင့်မပြုပဲ နိုင်ငံရေးနယ်ပယ်ထဲကမဟုတ်သည့် အရပ်ဘက်ကိုယ်စားလှယ်တစ်ဦးအား ဖိတ်ကြားမည်ဟု အာဆီယံအဖွဲ့၀င်နိုင်ငံများက ဆုံးဖြတ်ခဲ့ကြသည်။
ထို့ကြောင့် နစကအနေဖြင့် ယခုကဲ့သို့ အကျဉ်းသားများအား ပြန်လွှတ်ပေးရုံဖြင့် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်နိုင်ရန်အထိ လမ်းပွင့်သွားနိုင်စရာမရှိကြောင်း SNLD မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ရှင်းပြသည်။
၎င်းက “ကျနော့်အမြင်မှာ ဒီတစ်ခေါက် လုပ်လိုက်တဲ့ကိစ္စက အာဆီယံတစ်ခုတည်း မဟုတ်ဘူး။ တရုတ်ဘက်က အနည်း ငယ် နောက်ဆုတ်သွားတယ်ဆိုပေမယ့်လို့ အမေရိကန်ဘက်က တော်တော်လေးကို ရှေ့တိုးပြီးတော့မှ လုပ်ဆောင်လာတဲ့ အပိုင်းကို တွေ့နေရပါတယ်။ ဒါကြောင့် အာဆီယံရဲ့နောက်ကွယ်မှာလည်းပဲ အင်အားကြီးနိုင်ငံတွေရဲ့ ကစားကွက်က အများ ကြီး ရှိနိုင်တာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။
အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာပြည်တွင်း ခရီးစဉ်အတွက် တောင်းဆိုမှုများတွင် ညှိနှိုင်း၍ မရသည်များ ရှိနေသည် ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၁၈ ရက်နေ့ မိန့်ခွန်းတွင် ပြောခဲ့သည်။
နစကဥက္ကဋ္ဌက“ကျနော်တို့အနေနဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး စစ်မှန်တဲ့ ဒီမိုကရေစီဖော်ဆောင်နိုင်ရေးအတွက် CRPH၊ NUG တို့ရဲ့ လှုံ့ ဆော်မှုများနဲ့အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြမှုများမှာ ပါ၀င်တဲ့အတွက်ကြောင့် ပြစ်ဒဏ်ကျခံနေ ဆဲ သူများနဲ့ အမှု စိစစ်ဆဲ သူများမှ သင့်လျော်သူများကို လာမယ့် သတင်းကျွတ်အခါမှာ စိတ်အေးချမ်းမြေ့စွာ ကုသိုလ် ကောင်းမှု ပြုလုပ်နိုင်ဖို့ အတွက် လွတ်ငြိမ်းချမ်းသာခွင့်များ ပေးမည်ဖြစ်ကြောင်း ကျနော်ပြောကြားလိုပါတယ်”ဟု ပြော သည်။
ထို့နောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် အာဆီယံအပေါင်း အစည်းအဝေးပွဲများအား အာဆီယံ အခြေခံမူများနှင့် အညီ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မည်ဟု ယူဆကြောင်းလည်း ပြောဆိုခဲ့သည်။