ကီတို၊ အောက်တိုဘာ ၁၉

မူးယစ်ဆေးဝါးနှင့်ဆက်စပ်သော အကြမ်းဖက်မှုများ အရှိန်မြင့်တက်လာသဖြင့် အီကွေဒေါသမ္မတ ဂွဲလာမိုလက်ဆိုက တိုင်းပြည်သို့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး ရဲနှင့်စစ်တပ်များ လမ်းများပေါ်သို့ လုံခြုံရေးယူကြရန် အမိန့်ပေးခဲ့ ကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြသည်။

“နိုင်ငံတဝန်း အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ရဲတွေက လမ်းတွေပေါ်မှာ အင်အားသုံး ကိုင်တွယ်တော့မှာဖြစ်ပါတယ်” ဟု အစိုးရပိုင် ရုပ်သံလိုင်းဖြစ်သည့် အီကွေဒေါတီဗီမှ အောက်တိုဘာ ၁၈ ရက်၌ ထုတ်လွှင့်သော မိန့်ခွန်းတွင် သမ္မတ ဂွဲလာမိုလက်ဆိုက ပြောကြားခဲ့သည်။

“အီကွေဒေါနိုင်ငံရဲ့ လမ်းတွေပေါ်မှာ ရန်သူဆိုလို့ တစ်ဦးတည်းပဲ ရှိပါတယ်။ အဲဒါက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား နေခြင်းပါ” ဟု လက်ယာယိမ်းသည်ဟု အများ၏ဝေဖန်ခံရသူ သမ္မတ ဂွဲလာမိုလက်ဆိုက ပြောကြားခဲ့သည်။

“မကြာသေးမီနှစ်တွေအတွင်းမှာ အီကွေဒါနိုင်ငံဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့နိုင်ငံ၊ မူးယစ်ဆေး သုံးစွဲနိုင်ငံ ဖြစ်လာပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပုံ-မူးယစ်ဆေးဝါးနှင့်အကြမ်းဖက်မှုများ တိုက်ဖျက်ရေးလုံခြုံရေးတပ်ဖွဲ့များ ဆောင်ရွက်နေစဉ်။(AI Jazeera)

အကျပ်အတည်း ပိုမိုဆိုးရွားလာသဖြင့် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် သမ္မတ လက်ဆိုက တိုင်းပြည်အခြေအနေကို ပြန်လည်ဆွဲတင်နိုင်အောင် ကာကွယ်ရေးဝန်ကြီး အသစ်တစ်ဦးကို ခန့်အပ်တာဝန်ပေးခဲ့သည်။

မကြာသေးမီ လများအတွင်း အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်များတွင် လူအသေအပျောက်ရှိသော အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သမ္မတလက်ဆိုက အကျဉ်းထောင် အုပ်ချုပ်ရေးစနစ်ကို အရေးပေါ်အခြေအနေ၌ ထည့်သွင်းကြေညာရန်နှင့် ထောင်များ လုံခြုံရေးတိုးမြှင့်ပြီး အဓိကရုဏ်းတားဆီးနိုင်ရန် တပ်များ ချထားစေခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာအတွင်း အီကွေဒေါ အကျဉ်းထောင်များ၌ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့၍ အကျဉ်းသား ၁၁၆ ဦးထက် မနည်း သေဆုံးပြီး ဆယ်ဂဏန်းအထိ ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဉ်များသည် တိုင်းပြည်၏သမိုင်းတွင် အသေအပျောက် အများဆုံး ထောင်တွင်း အကြမ်းဖက်မှုများ ဖြစ်ကြသည်။

၂၀၂၁ ခုနှစ်အစောပိုင်းမှ ယခုအချိန်အထိ အီကွေဒေါ အကျဉ်းထောင်များအတွင်း အကြမ်းဖက်မှုကြောင့် ခန့်မှန်းခြေ လူ ၂၀၀ သေဆုံးခဲ့ပြီး ဖြစ်သည်။ ယမန်နှစ်ကလည်း အလားတူ အကြမ်းဖက်မှုများကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး ခေါင်းပုံဖြတ် ခံရသူ အများအပြား ရှိခဲ့သည်။