မော်စကို၊ အောက်တိုဘာ ၁၉

သူလျှိုလုပ်ခြင်းကြောင့် နေတိုးအဖွဲ့မှ ရုရှားနိုင်ငံသား ၈ ဦးကို ဆက်တိုက်နှင်ထုတ်ခြင်းခံရခြင်းအပေါ် ရုရှားက တုံ့ပြန်သည့်အနေဖြင့် မော်စကိုရှိ နေတိုးမဟာမိတ်ရုံးများကို ပိတ်ပစ်မည်ဖြစ်ပြီး နေတိုးနှင့်သံတမန်ရေးအရ ထိတွေ့ဆောင်ရွက်မှုများကို ဆိုင်းငံ့ထားလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

အဆိုပါ ပြောင်းလဲလုပ်ဆောင်ချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က အောက်တိုဘာ ၁၈ ရက်တွင် ကြေညာလိုက်ပြီး လာမည့် နိုဝင်ဘာလအစောပိုင်းတွင် မော်စကိုနှင့် မြောက်အတ္တလန္တိတ် လုံခြုံရေး အဖွဲ့အစည်းဖြစ်သည့် နေတိုးတို့အကြား ဆက်ဆံရေး သိသိသာသာ ကျဆင်းစေလိမ့်မည်ဟု သိရသည်။

“နေတိုးရဲ့ တချို့အစီအမံတွေကြောင့် ဘုံရပ်တည်ချက်ကို အခြေခံတဲ့အခြေအနေမျိုး ကြာကြာ ဆက်ရှိတော့မှာ မဟုတ်ပါဘူး” ဟု ဆာဂေးလက်ဗ်ရော့က မော်စကိုမြို့၌ သတင်း ထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“နေတိုးရဲ့လုပ်ဆောင်ချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ နိုဝင်ဘာ ၁ ရက်ကနေစပြီး နေတိုးအဖွဲ့အတွက် စစ်တပ် ကိုယ်စားလှယ်စေလွှတ်မှုအပါအဝင် ကျနော်တို့ အမြဲတမ်းမစ်ရှင်ဆောင် ရွက်မှုတွေကို ဆိုင်းငံ့ ထားလိုက်မှာ ဖြစ်ပါတယ်။ အဲဒါက နောက်ထပ် နှစ်ရက်လောက် ကြာချင်လည်း ကြာမယ်” ဟု ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

မော်စကိုမြို့ရှိ နေတိုး၏စစ်ဘက်ဆက်ဆံရေးရုံးနှင့် သတင်းပြန်ကြားရေးရုံးများကို ပိတ်ပစ်မည်ဖြစ်ကြောင်း၊ သံတမန်ရေးအရ ထိတွေ့ဆောင်ရွက်နေမှုများကို နိုဝင်ဘာလဆန်းတွင် ပြန်လည်ရုပ်သိမ်းသွားရန်ရှိကြောင်း ဆာဂေးလက်ဗ်ရော့က ကြေညာခဲ့သည်။

 

 

အနောက်အုပ်စုမဟာမိတ်အဖွဲ့နှင့် မော်စကိုတို့အကြား အဆက်အသွယ်ကို ဘယ်လ်ဂျီယံနိုင်ငံရှိ ရုရှားသံရုံးမှ တစ်ဆင့် ဆက်လက်ဆောင်ရွက်သွားနိုင်ခြေရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆာဂေးလက်ဗ်ရော့၏သဘောထားမှတ်ချက်များကို မှတ်တမ်းတင်ပြီးဖြစ်သော်လည်း တရားဝင် ဆက်သွယ် ပြောဆိုမှုမရှိသေးကြောင်း နေတိုးအဖွဲ့က ပြောသည်။

ယခုလအစောပိုင်းအတွင် နေတိုးအဖွဲ့သည် ၎င်းအဖွဲ့အစည်းအတွင်းမှ လူ ၈ ဦးကို ရုရှားသူလျှိုများဟု စွပ်စွဲပြီး နှင်ထုတ်ခဲ့သည်။ အဆိုပါ ၈ ဦး အရေအတွက်သည် ရုရှား၏သံတမန်များအဖြစ် အသိအမှတ်ပြုနိုင်သည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ကို အတိအလင်းလျှော့ချလိုက်ခြင်းဟု ဆိုသည်။

ထိုသို့ နှင်ထုတ်ခြင်းသည် အမေရိကန်ဦးဆောင်သောမဟာမိတ်အဖွဲ့ဝင်နိုင်ငံများနှင့် မော်စကိုတို့အကြား ဆက်ဆံရေးပုံမှန်ဖြစ်လာစေရန် မျှော်လင့်ချက်များကို ထိခိုက်စေကြောင်း ရုရှားက တုံ့ပြန်ခဲ့သည်။

နှင်ထုတ်သည့်ကိစ္စသည် အခြားသီးသန့်ဖြစ်စဉ်များနှင့် မသက်ဆိုင်ကြောင်း၊သို့သော် ၎င်းတို့ ၈ ဦး ပြုမူ လုပ်ဆောင်နေမှုများသည် မိမိတို့သတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း နေတိုးအဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဂျန့်စ်ဆိုလ်တန်ဘက်(Jens Stoltenberg)က ပြောကြားခဲ့သည်။