CNI International News

နယူးယောက်၊ စက်တင်ဘာ ၂၂

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) သည် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့်အချိန်တွင် အစိုးရအဖွဲ့အတွင်း အခန်းကဏ္ဍတစ်ခုမှ ပါဝင်လိမ့်မည်ဟု ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဖြူးထိုင်းပါတီ၏ အဓိက မဟာဗျူဟာမြောက် တွေးခေါ်မြော်မြင်သူအဖြစ် ယူဆခံထားရသည့် သက်ဆင်သည် ထိုင်းနိုင်ငံရေးလောကကို ဆက်လက် လွှမ်းမိုးဖွယ်ရှိနေသည်။

"သက်ဆင်ဟာ ထိုင်းပြည်သူတွေအတွက်နဲ့ အစိုးရအဖွဲ့ထဲကို ထည့််ဖို့ တန်ဖိုးရှိသူလို့ ကျနော် ယူဆပါတယ်" ဟု မစ္စတာ ဆရီသာက ကုလသမဂ္ဂ အထွေထွေညီလာခံ (UN General Assembly) သို့ တက်ရောက်နေသည့် နယူးယောက်မြို့တွင် Bloomberg ရုပ်သံမှ သတင်းထောက် ဟက်စ်လင်ဒါ အာမင် (Haslinda Amin) နှင့် အင်တာဗျူး ပြုလုပ်ချိန်တွင် ပြောကြားခဲ့သည်။

ဆရီသာသည် စစ်တပ်၏ လွှမ်းမိုးမှုအောက်တွင် ဆယ်စုနှစ်တစ်စုနီးပါးကြာ ရောက်ရှိခဲ့သည့် ထိုင်းနိုင်ငံ၏ စီးပွားရေးကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသည်။

ထိုင်း၀န်ကြီးချုပ် ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်

"သူ (သက်ဆင်)ဟာ ထိုင်းနိုင်ငံရေးသမိုင်းမှာ လူကြိုက်အများဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး အခုထိလည်း ဖြစ်နေဆဲလို့ ပြောနိုင်ပါတယ်။ အဲဒါကြောင့် သူထောင်က လွတ်လာရင် ကျနော့် အနေနဲ့ သူ့ရဲ့ သဘောထားတွေနဲ့ အခြား ဝန်ကြီးချုပ်ဟောင်းတွေရဲ့ သဘောထားတွေကို မတောင်းခံဘူးဆိုရင် မိုက်မဲရာကျပါလိမ့်မယ်" ဟု ဆရီသာက ပြောသည်။

သက်ဆင်သည် ပြည်ပြေးဘဝဖြင့် ပြည်ပတွင် ၁၅ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် သြဂုတ် ၂၂ ရက်၌ ထိုင်းသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

သူသည် ထိုင်းသို့ ပြန်လည် ရောက်ရှိချိန်မှာပင် အာဏာအလွဲသုံးစားမှု အပါအဝင် အခြားစွဲချက်များဖြင့် ထောင် ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရသည်။

သို့သော် ထိုင်းဘုရင်၏ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုကြောင့် ထောင်ဒဏ် ၈ နှစ်မှ ၁ နှစ်အထိ လျှော့ပေါ့ခံခဲ့ရသည်။

လက်ရှိတွင် သက်ဆင်သည် ရဲတပ်ဖွဲ့ အထွေထွေ ဆေးရုံ (Police General Hospital)တွင် ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး နောက် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသည်။

မစ္စတာ ဆရီသာသည် ယခုလအစောပိုင်းက ထိုင်းဝန်ကြီးချုပ်အဖြစ် စတင်ရုံးထိုင်ခဲ့ပြီးနောက် ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မှုသည် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်ခဲ့သည်။

ဆရီသာသည် ထိုင်းစံတော်ချိန် စက်တင်ဘာ ၂၂ ရက် ညပိုင်းတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ 

Source: ဘန်ကောက်ပို့စ်