သီရိနာဂါ၊ အောက်တိုဘာ ၁၇
အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် အောက်တိုဘာ ၁၆ ရက်၊ ညပိုင်းက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမားများက ဒေသခံမဟုတ်သော အလုပ် သမား ၂ ဦးကို ပစ်သတ်ခဲ့သလို ထိုမတိုင်မီ ရက်ပိုင်းကလည်း ယင်းဒေသ၌ စစ်သား ၆ ဦး တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်ကို ကိုးကားလျက် အေပီက သတင်းဖော်ပြသည်။
အိန္ဒိယဗဟိုအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော စစ်သွေးကြွများသည် ကက်ရှ်မီးယားတွင် လှုပ်ရှားနေကြဆဲဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်က ကက်ရှ်မီးယားဒေသရှိ အထင်ကရမြို့ကြီးနှင့် တောင်ပိုင်းကျေးရွာများအတွင်း စီးနင်း ဝင်ရောက် ခဲ့ကြသဖြင့် ၎င်းတို့၏လုပ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ထားသည်။
သီရိနာဂါမြို့တွင် ယခုလ ပထမဆုံး အကြမ်းဖက် တိုက်ခိုက်ခံရမှုမှာ အိန္ဒိယအရှေ့ပိုင်း ဘီဟာပြည်နယ်မှ ရွှေ့ပြောင်းလာသည့် ဟိန္ဒူဈေးသည်တစ်ဦးကို စစ်သွေးကြွများက ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဈေးသည်မှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
နောက်ထပ် တစ်နာရီအကြာတွင် အူတာပရာဒတ်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင် အလုပ်သမားတစ်ဦးကို ပါဝါမာခရိုင် တောင်ပိုင်း လစ်တာကျေးရွာ၌ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ ၎င်းကို ဆေးရုံတင်ပို့စဉ် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း အကြမ်းဖက်သမားများက ဟိန္ဒူဘာသာဝင် ၃ ဦး၊ ဆစ်ခ်အမျိုးသမီး ၁ ဦးနှင့် ဒေသခံ မွတ်ဆလင် တက္ကစီယာဉ်မောင်း ၁ ဦးကို ရုတ်တရက် ချောင်း မြောင်း ပစ်သတ်ခဲ့သဖြင့် ထိုလုပ်ရပ်အပေါ် အိန္ဒိယဗဟိုအစိုးရ လိုလားသူများနှင့် ကက်ရှ်မီးယားနိုင်ငံရေးသမားများက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ရှုတ်ချခဲ့ကြသည်။
အောက်တိုဘာ ၁၆ ရက်၌ ပင်ပိုးဒေသတောင်ပိုင်း၌ အစိုးရတပ်ဖွဲ့များနှင့် ထိတွေ့မှုတစ်ခု၌ စစ်သွေးကြွနှစ်ဦး သေဆုံးခဲ့ ကြောင်း၊ အလားတူ အောက်တိုဘာ ၁၅ ရက်ကလည်း သီရိနာဂါမြို့နှင့် ပါဝါမာခရိုင်တို့တွင် အစိုးရတပ်ဖွဲ့ နယ်မြေရှင်းလင်းစဉ် အခြားသူပုန်နှစ်ဦး သေဆုံးခဲ့ကြောင်း ဆိုသည်။
အဆိုပါဖြစ်စဉ်များကြောင့် အိန္ဒိယအာဏာပိုင်များသည် ကက်ရှ်မီးယား တောင်ကြားတလျှောက် မသင်္ကာသူ လူ ၁၀၀၀ ကျော် ကို ဖမ်းဆီး စစ်ဆေးခဲ့သည်။
၎င်းနယ်မြေ နှစ်ခုစလုံးတွင် စစ်တပ်က ရှင်းလင်းရေးနှင့် ရှာဖွေစိစစ်ရေး ဆက်တိုက် လုပ်ဆောင် နေကြောင်း အိန္ဒိယစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဒီဗန်ဒါအနန်းက ပြောကြားခဲ့သည်။
ကက်ရှ်မီးယားဒေသကို အိန္ဒိယနှင့်ပါကစ္စတန်တို့က ၎င်းတို့ပိုင်နက်ဖြစ်ကြောင်း ကိုယ်စီထုတ်ဖော် ပြောကြားနေဆဲ ဖြစ်သည်။
ကက်ရှ်မီးယားဒေသရှိ အကြမ်းဖက် စစ်သွေးကြွများသည် ပါကစ္စတန်ပံ့ပိုးမှုကြောင့်ဖြစ်ကြောင်း အိန္ဒိယက အခိုင်အမာ ပြောကြားထားသည်။ ယင်းစွပ်စွဲချက်ကို ပါကစ္စတန်က ငြင်းပယ်ထားသည်။