ရောမ၊ အောက်တိုဘာ ၁၇
အီတလီနိုင်ငံ၊ ရောမမြို့တွင် လက်ယာ အစွန်းရောက် ဝါဒီများက ပြည်တွင်း ဩဇာအကြီးမားဆုံး အလုပ်သမား ကွန်ရက်ဌာန ချုပ်ထဲသို့ ဝင်ရောက် တိုက်ခိုက်လာခြင်းကြောင့် လူထောင်နှင့်ချီသော အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် အခြား အီတလီ နိုင်ငံသားများက ဖက်ဆစ်ဝါဒီများကို အောက်တိုဘာ ၁၆ ရက်က ဆန့်ကျင်ဆန္ဒပြလျက် စုဝေးချီတက်ခဲ့ကြကြောင်း အေပီသတင်း တစ်ပုဒ်၌ တွေ့ရသည်။
အဆိုပါဆန္ဒပြပွဲကို CGIL အလုပ်သားသမဂ္ဂအဖွဲ့ချုပ် အကြီးအကဲ မာရီဇီယိုလန်ဒီနီက အခြားအလုပ်သမား ခေါင်းဆောင်နှင့် အတူ ဦးဆောင်ခဲ့ပြီး ဆန္ဒပြသူအင်အား တစ်သိန်းခန့် ရောမမြို့ရှိ စိန့်ဂျွန်လက်တာရန် ဘုရားကျောင်းရှေ့တွင် စုဝေးနေခဲ့ ကြသည်။
၎င်းတို့သည် အောက်တိုဘာ ၁၅ ရက်က စတင်အသက်ဝင်ခဲ့သည့် Covid-19 ဆိုင်ရာ အစိုးရ၏ သတ်မှတ်ချက်များကိုလည်း ဝိုင်းဝန်းကန့်ကွက်နေကြသည်။ အဆိုပါသတ်မှတ်ချက်များ၌ ကာကွယ်ဆေးထိုးနှံစေခြင်း၊ ၄၈ နာရီအတွင်း ပိုးမတွေ့ခြင်း (သို့မဟုတ်) Covid-19 ဖြစ်ပွားမှု ပြန်လည်ကောင်းမွန်လာခြင်း စသည့် အထောက်အထားပြသနိုင်မှ လုပ်ငန်းခွင်အတွင်းသို့ ဝင်ခွင့်ပြုရန် ဆိုထားသည်။
CGIL အထွေထွေအတွင်းရေးမှူး မာရီဇီယိုလန်ဒီနီက မိမိတို့ သမဂ္ဂဌာနချုပ်ကို ယနေ့ ကာလ တိုက်ခိုက်ခံရခြင်းအား ၁၉၂၁ ခုနှစ်က အသစ်တည်ထောင်ခဲ့သည့် ဖက်ဆစ်ပါတီက အလားတူသမဂ္ဂအပေါ် တိုက်ခိုက်ခဲ့သည့် သမိုင်းဖြစ်စဉ်နှင့် နှိုင်းယှဉ် ကန့်ကွက်ထားသည်။
အောက်တိုဘာ ၁၆ ရက် လူစုလူဝေးသည် လူတိုင်းအတွက် ဒီမိုကရေစီအရေး အကာအကွယ်ပေးသော ဆန္ဒပြမှုအဖြစ် ဦးတည်ကြောင်း မာရီဇီယိုလန်ဒီနီက ပြောကြားခဲ့သည်။
“ဒီအရေးက ကျနော်တို့ဆန္ဒပြမှုရဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ လူတိုင်းအတွက် ဒီမိုကရေစီနည်းနဲ့ အကာအကွယ်ပေးဖို့ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
လက်ယာအစွန်းရောက် ဖိုဇာနျူအိုဗာပါတီဦးဆောင်၍ သမဂ္ဂကို တိုက်ခိုက်ခြင်းသည် ဖက်ဆစ်ဝါဒ အမျိုးအစား အားလုံးကို ဆန့်ကျင်စေရန်အတွက် နှိုးဆွပေးရာရောက်ကြောင်း အီတလီအထွေထွေ အလုပ်သမားအဖွဲ့ချုပ် (CISL) အကြီးအကဲ လိုင်ဂီ စဘာရာက ပြောကြားခဲ့သည်။
ထိုသို့ လက်ယာအစွန်းရောက်ပါတီကိုလည်း အမြန်ဖျက်သိမ်းရန် အီတလီအာဏာပိုင်များကို ၎င်းက ဆက်လက် တောင်းဆို ခဲ့သည်။