CNI International News

ပရက်ဂ်၊ အောက်တိုဘာ ၁၆

ချက်သမ္မတနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် အင်ဒရက်ဂျ်ဘာဘစ်သည် ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက ကျင်းပပြီးစီးခဲ့ သော ရွေးကောက်ပွဲ၌ အောက်လွှတ်တော်တွင် အများစုအနိုင်ရသော အတိုက်အခံပါတီ အုပ်စုများကို အာဏာလွှဲပြောင်း ပေးရန် အသင့်ဖြစ်နေပြီဟု အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။

ဗဟို ANO ပါတီခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ဘာဘစ်သည် အတိုက်အခံများ အနိုင်ရခြင်းကို အသိအမှတ်ပြုသော်လည်း အစိုးရသစ်ဖွဲ့စည်းရေးအတွက် အောက်တိုဘာ ၁၅ ရက်အထိ ၎င်းအနေဖြင့် လွှတ်တော်အတွင်း အကြီးဆုံးပါတီ တစ်ပါတီ၏ ခေါင်းဆောင်အဖြစ် နိုင်ငံရေးအရ ထိုးနှက်ခံရနိုင်ခြေရှိနေသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ၎င်း၏နိုင်ငံရေးလှုပ်ရှားမှု အရေးနိမ့်ခဲ့ပြီးနောက် ဘာဘစ်က အစိုးရသစ်ဖွဲ့စည်းသည့်အခါ မိမိကို ကမ်းလှမ်းလျှင် လက်ခံမည်မဟုတ်ကြောင်းနှင့် အတိုက် အခံများအတွက် အာဏာလွှဲပေးရေးလုပ်ငန်းစဉ် အဆုံးသတ်ရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

“ကျနော်တို့ ညွန့်ပေါင်းအစိုးရသစ်ကို လွှဲပေးမယ်။ ကျနော်တို့က အတိုက်အခံ ပြန်လုပ်မယ်” ဟု ဖရက်ခ်ဗင်းစ်ဝမ်း (Frekvence 1) ရေဒီယိုနှင့် အင်တာဗျူးတွင် သူ၏ဆုံးဖြတ်ချက်ကို ဘာဘစ်က ပြောကြားခဲ့ကြောင်း CTK သတင်းတွင် ဖော်ပြသည်။

ဘာဘစ်၏ ဆုံးဖြတ်ချက်သည် မဲအများစုဖြင့် အနိုင်ရရှိသော ပါတီ ၅ ပါတီအုပ်စုအတွက် ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေး လမ်းဖွင့်ပေးခြင်းဖြစ်သည်။

လစ်ဘရယ်-ကွန်ဆာဗေးတစ်တို့ ၃ ပါတီပေါင်း၍ မဟာမိတ်ဖွဲ့ထားသော ‘Together’ (အတူလက်တွဲ)အုပ်စုပါတီသည် ပြီးခဲ့ သည့် အောက်တိုဘာ ၉ ရက်က စုစုပေါင်း မဲရလဒ်၏ ၂၇ ဒသမ ၈ ရာခိုင်နှုန်းရရှိခဲ့ပြီး ဘာဘစ်၏ ANO(YES) ပါတီကတော့ ၂၇ ဒသမ ၁ ရာခိုင်နှုန်း ရရှိခဲ့သည်။ တတိယနေရာတွင် အောင်ပွဲခံခဲ့သည့်ပါတီမှာ လက်ဝဲယိမ်း လစ်ဘရယ်ညွန့်ပေါင်းအဖွဲ့ဖြစ်ပြီး ၎င်းတို့က မဲရာခိုင်နှုန်း ၁၅ ဒသမ ၅ ရရှိခဲ့သည်။

အဆိုပါ ပထမနှင့် တတိယနေရာ ရခဲ့ကြသော ညွန့်ပေါင်းအဖွဲ့နှစ်ဖွဲ့သည် အတူတကွ ပူးတွဲအုပ်ချုပ်ကြရန် ကတိကဝတ် ပြုခဲ့ ကြပြီး ၎င်းတို့သည် ဥရောပသမဂ္ဂ(EU) ဝေဖန်ရေးဝါဒီ ဘာဘစ်ထက် EU ၏ ပင်မလမ်းကြောင်းနှင့် ပို၍နီးစပ်သူများ ဖြစ်ကြ သည်။

Together အုပ်စုသည် အောက်လွှတ်တော်ရှိ အမတ်နေရာ ၂၀၀ အနက် ၇၁ နေရာ အနိုင်ရခဲ့ပြီး လက်ဝဲယိမ်း လစ်ဘရယ် ညွန့်ပေါင်းအုပ်စုက ၃၇ နေရာသာ ရရှိထားသည်။ ၎င်းတို့နှစ်ဖွဲ့ ထပ်မံပေါင်းစပ်ပါက စုစုပေါင်း အမတ်နေရာ ၁၀၈ နေရာဖြင့် အေးဆေးတည်ငြိမ်စွာ အစိုးရဖွဲ့နိုင်ပြီ ဖြစ်သည်။