CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၆

အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် နိုင်ငံရေးပိုင်းက မဟုတ်သည့်တစ်ဦးကို ဖိတ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်သည်ဟု စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan က သူ၏ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားသည်။

Vivian Balakrishnan က “မနေ့ညက အရေးပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံက လာမယ့် အာဆီယံနဲ့ဆက်စပ် ထိပ်သီး အစည်းအဝေးကိုတက်ရောက်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေးပိုင်းကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကို ဖိတ်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့တယ်”ဟု ပြောသည်။

ထိုသို့ဆုံးဖြတ်ခဲ့ခြင်းမှာ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က အာဆီယံခေါင်းဆောင်များအစည်းအဝေးမှာ သဘောတူညီမှု ချမှတ်ခဲ့သည့် အချက် ၅ ချက်ကို နစကဘက်မှ အကောင် အထည်ဖော်မှု ပျက်ကွက်နေခြင်းနှင့် တိုးတက်မှုမရှိခြင်း ကြောင့်ဖြစ်သည်ဟု Vivian Balakrishnan က သူ၏ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားသည်။

ပုံ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အောက်တိုဘာ ၁၅ ရက်ကျင်းပနေစဉ်။

Vivian Balakrishnan က “ကျနော့်ရဲ့လုပ်ဖော်ကိုင်ဖက် အာရီဝမ်ယူဆွတ်ရဲ့ မဆုတ်မနစ်ကြိုးစားမှုတွေကို လေးစားပါတယ်၊ အာဆီယံဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အာရီဝမ်ယူဆွတ်တို့ရဲ့ စွမ်းဆောင်မှုကို စင်ကာပူအနေနဲ့ အပြည့်အဝထောက်ခံပါတယ်”ဟု ပြောသည်။

ထို့နောက် နစကခေါင်းဆောင်များနှင့် အာဆီယံသဘောတူညီချက် ၅ ချက်ကို မြန်မြန်အကောင်အထည်ဖော်ရန် မိမိအနေဖြင့် တိုက်တွန်းပါသည်ဟုလည်း ၎င်းကဆိုထားသည်။

အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်တော့ဘဲ နိုင်ငံရေးပိုင်းက မဟုတ်သည့် မြန်မာကိုယ်စားလှယ်တစ်ဦးကို ဖိတ်ကြားရန် ဆုံးဖြတ်ခဲ့သော်လည်း မည်သူလဲဆိုသည်ကိုတော့ မသိရသေးပေ။