CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄

မြန်မာ့လက်ရွေးစင်အသင်းနည်းပြ အန်တွမ်နီဟေးက စင်ကာပူနဲ့ ကစားရမယ့် အုပ်စုပွဲစဉ်မှာ နိုင်ပွဲရယူဖို့ တစ်သင်းလုံးကြိုးစားသွားမှာလို့ ပြောလိုက်ပါတယ်။

အန်တွမ်နီဟေးက “ကျနော်တို့ အုပ်စုပွဲတွေမှာ အိမ်ကွင်း ၂ ပွဲစီကစားရမှာဖြစ်ပြီး အိမ်ကွင်းပွဲစဉ်အနိုင်ရဖို့ အရေးကြီးပါတယ်။ပင်နယ်တီကံခေမှုနဲ့အတူ အိမ်ကွင်းပွဲစဉ်တစ်ပွဲရှုံးနိမ့်ခဲ့လို့ ကျနော်တို့ ကျန်တဲ့ပွဲစဉ်တွေမှာ အများကြီးရုန်းကန်ရမှာပါ။ရမှတ် ၇ မှတ်ရမှ အုပ်စုကနေတက်နိုင်မှာပါ။ဒါကြောင့် ကျနော်တို့ရဲ့ အ‌ဝေးကွင်း ၂ ပွဲ စလုံးက အရေးကြီးပါတယ်။မနက်ဖြန် အနိုင် ၃ မှတ်ရဖို့ တစ်သင်းလုံးကြိုးစားကြမှာပါ။အသင်းမှာ ဒဏ်ရာ ကင်းစင်ပြီး အားလုံးလန်းဆန်းတက်ကြွနေပါတယ်” လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မြန်မာအသင်းဟာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မလေးရှားအသင်းနဲ့ အိမ်ကွင်းမှာ ကစားခဲ့တာမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ဒီပွဲရဲ့ ပွဲပြီးကာနီးမှာ မြန်မာအသင်း ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် ဝင်းနိုင်ထွန်း ကန်သွင်းချက်ကို မလေးရှားဂိုးသမား ကာကွယ်သွားနိုင်ခဲ့တာပါ။အဲဒါကြောင့် မြန်မာအသင်းဟာ အဖွင့်ပွဲမှာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ စင်ကာပူနဲ့ပွဲကို မြက်ခင်းတုကွင်းမှာ ကစားရမှာဖြစ်လို့ ခက်ခဲနိုင်တယ်လို့ အန်တွမ်နီဟေးက ထပ်ပြီး ပြောခဲ့တာပါ။

အန်တွမ်နီဟေးက “နိုင်ငံတကာအဆင့်မြင့်ပြိုင်ပွဲတွေမှာ မြက်ခင်းအစစ်ကိုပဲ သုံးကြပါတယ်။ မြက်ခင်းတုကွင်းမှာ ကစားသမားတွေဒဏ်ရာရဖို့ အရမ်းလွယ်လို့ပါ။လူငယ်ဘောလုံးဖွံ့ဖြိုးရေးတွေမှပဲ မြက်ခင်းတုသုံးကြတာများ ပါတယ်။ကျနော်တို့အသင်းက ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက အသင်းမျိုးမဟုတ်တော့ဘဲ အခုအချိန်မှာ အပြောင်းအလဲ များစွာပြုလုပ်ထားပြီး ကျစ်လစ်တဲ့ အသင်းတစ်သင်းဖြစ်နေပါပြီ။ပြီးခဲ့တဲ့ မလေးရှားနဲ့ ပွဲစဉ်မှာ ၉၈ မိနစ်အထိ ကစားအားမကျဘဲ ကစားနိုင်တာကို ပြသပြီးပါပြီ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

စင်ကာပူနဲ့ မြန်မာအသင်းတို့ဟာ ဒီဇင်ဘာလ ၂၄ ရက်မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး စင်ကာပူအတွက်တော့ အုပ်စု ပထမဆုံးပွဲစဉ်ဖြစ်တာပါ။စင်ကာပူနဲ့ မြန်မာအသင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ က အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ တွေ့ဆုံခဲ့ပြီး အဲ့ဒီတုန်းက စင်ကာပူအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။