၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် အချိုးကျ ကိုယ်စားပြုသည့် ရွေးကောက်ပွဲစနစ် (Proportional Representation - PR) ကို ဖြစ်မြောက်ရန် ကြိုးစားနေသည့် ပုံသဏ္ဍာန် မြင်တွေ့နေရကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ဆိုသည်။
ဦးထွန်းအောင်ကျော်က “အခုက တော်တော်ကြီးကို စိတ်ဝင်တစားနဲ့ တော်တော်ကြီးကို အားစိုက်ပြီးတော့ PR စနစ်ကို UEC က လုပ်နေတဲ့ အခြေအနေပေါ်မှာ သုံးသပ်ကြည့်လို့ရှိရင်ကတော့ တော်တော်ကြီးကို ဖြစ်အောင်ကြိုးစားနေတဲ့ ပုံသဏ္ဍာန် ကျနော်တို့ မြင်နေရပါတယ်ခင်ဗျာ။ အဲတာကြောင့် ရှေ့လာမယ့် ရွေးကောက်ပွဲမှာကတော့ အခုလက်ရှိ အာဏာထိန်းထားတဲ့ စစ်ကောင်စီအနေနဲ့ PR စနစ်ကို ဖြစ်မြောက်အောင် လုပ်ချင်တဲ့ ဆန္ဒရှိနေတယ်ဆိုတာကို ကျနော်တို့ ပေါ်ပေါ်ထင်ထင် မြင်နေ ရပါတယ်ခင်ဗျ”ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြောင်းလဲလာသည့် ခေတ်အခြေအနေအရ သင့်လျော်သည့် ရွေးကောက်ပွဲစနစ်မျိုးကို ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် PR စနစ် အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေး ကောက်ပွဲစနစ်များနှင့် စပ်လျဉ်းပြီး လာမည့် နိုဝင်ဘာလ ပထမ အပတ်တွင် ဆွေးနွေးသွားမည်ဟု UEC က ကြေညာခဲ့သည်။
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းက UEC အနေဖြင့် PR စနစ်ကို ကျင့်သုံးရန် စဉ်းစားပုံရပြီး ယခင်ကတည်းက ဒီမိုကရက်တစ်မြန်မာနှင့် ပါတီအချို့က PR စနစ်ကျင့်သုံးရန် တင်သွင်းခဲ့ဖူးကြောင်း ပြောသည်။
ဦးရွှေမင်းက “အဓိကတော့ ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသား အခွင့်အရေး၊ တန်းတူအခွင့်အရေးနဲ့အတူ အထူးသဖြင့် လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို မပျောက်သွားဘူးဆိုရင်တော့ ဒါသိပ်ပြဿနာမရှိဘူး။ ဒါပေမယ့် တိုင်းရင်းသားနဲ့ လူနည်းစု တိုင်းရင်းသား အခွင့်အရေးတွေ နည်းပါးသွားမယ်ဆိုရင်တော့ တိုင်းရင်းသားတွေအတွက်တော့ အခက် အခဲကြီး တစ်ခုဖြစ်လာနိုင်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက်နေ့တွင် ပြုလုပ်သည့် ကောင်စီအစည်းအဝေး၌ အားလုံး ပါဝင်နိုင်ပြီး အချိုးကျကိုယ်စားပြုသည့် PR စနစ်ကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အတိအလင်း ပြောကြားခဲ့သည်။
၂၀၁၀ - ၂၀၁၅ လွှတ်တော်သက်တမ်း ကာလများတုန်းကလည်း PR စနစ်နှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှ ဆွေးနွေးရန် အစပြုလာခဲ့ကြောင်း၊ထိုအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် မိမိတို့ ရခိုင်တိုင်းရင်းသားပါတီမှ အပြင်းအထန်ကန့်ကွက်ခဲ့ကြောင်း ဦးထွန်းအောင်ကျော်က ဆိုသည်။
၎င်းက “ရွေးကောက်ပွဲ အချိုးကျ ကိုယ်စားလှယ်စနစ်ကို ဖော်ဆောင်မယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ကတော့ သတိရှိရှိနဲ့ လေ့လာဖို့အတွက် စိတ်ဆန္ဒရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘာပေါ်မှာလည်း နိုင်ငံအများကြီးက ဒီ Proportional Representation စနစ်ကို ကျင့်သုံးနေတယ်။ ပုံစံတွေ အမျိုးမျိုးကွဲပြားတယ်။ အဲတာကြောင့် ဒီထပ်တူ ကူးချတဲ့ ပုံစံ မဟုတ် ဘဲနဲ့ ကိုယ့်အိမ်မှုအတွက် တကယ့်တကယ် အကျိုးရှိမယ့် ကိစ္စတွေ အဲလိုပုံစံတွေနဲ့ Proportional Representation ရွေး ကောက်ပွဲစနစ်ကို ကျင့်သုံးမယ်ဆိုလိုရှိရင်လည်း ကျနော်တို့အနေနဲ့ ထည့်သွင်းစဉ်းစားပြီးတော့ သေသေချာချာ လေ့လာချင် တဲ့ ဆန္ဒတော့ရှိတယ်။ ပုံစံကတော့ ပြောင်းလဲရမယ်။ ဒီသမားရိုးကျ ပုံစံကတော့ ဘယ်လိုနည်းနဲ့မှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ်လို့ မမြင်တော့ဘူးလို့ မြင်ပါတယ်ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီ အချို့ အောက်တိုဘာ ၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်း အပါအဝင် PR စနစ် ကျင့်သုံးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
လက်ရှိ PR စနစ်ကျင့်သုံးသည့် နိုင်ငံများမှာ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ အိုင်ယာလန်၊ဖင်လန်၊ ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ထိုင်း၊ဆွစ်ဇာလန် စသည့် နိုင်ငံများ ဖြစ် ကြောင်း သိရသည်။