လန်ဒန်၊ အောက်တိုဘာ ၁၆

ကွန်ဆာဗေးတစ်အမတ်တစ်ဦးဖြစ်သူ ဆာဒေးဗစ်အေမတ်စ် သတ်ဖြတ်ခံရမှုသည် အကြမ်းဖက်လုပ်ရပ် ဖြစ်သည်ဟု ရဲတပ်ဖွဲ့က မှတ်ယူကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၁၅ ရက်က ဆာဒေးဗစ်အေမတ်စ်သည် ဗြိတိန်နိုင်ငံ၊ လန်ဒန်နယ်ရှိ အက်ဆက်က်စ်(Essex)ဒေသ၊ လိဂ်(Leigh)မြို့ငယ်ရှိ ၎င်း၏မဲဆန္ဒနယ်တွင် ဓါးဖြင့် အကြိမ်ကြိမ်ထိုးသတ်ခံခဲ့ရသည်။

ယင်းလူသတ်မှုသည် အစ္စလာမ္မစ်အစွန်းရောက်ဝါဒနှင့် ဆက်စပ်နေသည့်အလားအလာရှိကြောင်း ရဲတပ်ဖွဲ့က ကနဦးပြောကြားထားသည်။

လူသတ်မှုသံယသဖြင့် အသက် ၂၅ နှစ်အရွယ်ရှိ ဗြိတိန်အမျိုးသားတစ်ဦးကို အခင်းဖြစ်ပွားသည့်နေရာ၌ ရဲက ဖမ်းဆီးခဲ့သည်။

စုံစမ်းစစ်ဆေးမှုအနေဖြင့် လန်ဒန်မြို့ရှိ သတင်းရရှိထားသော လိပ်စာနှစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေနေပြီး လူတစ်ဦးတစ်ယောက်တည်းက ကျူးလွန်သည့် ရာဇဝတ်မှုဟု ယုံကြည်ထားကြောင်း၊ အခင်းဖြစ်ပွားမှုအခြေအနေ အသေးစိတ်ကို ဆက်လက်ဖော်ထုတ်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

သံသယတရားခံကို အက်ဆက်စ်ဒေသ၌ပင် ဖမ်းဆီးထားပြီး ၎င်းသည် ဗြိတိန်လူမျိုးဖြစ်ကြောင်း၊ ကနဦး စုံစမ်း မေးမြန်းချက်အရ ဆိုမာလီနိုင်ငံသားများနှင့် အချိတ်အဆက်ရှိပုံရကြောင်း အစိုးရသတင်းရင်းမြစ်များက ဘီဘီစီသို့ ပြောသည်။

ဗြိတိသျှပါလီမန်အတွင်း မဲဆန္ဒနယ်တစ်ခုအတွက် လှုပ်ရှားဆောင်ရွက်နေသော အသက် ၆၉ နှစ်အရွယ်ရှိ ဆာဒေးဗစ်အေမတ်စ်သည် ဘဲဖဲယားစ်မက်သဒစ်ဘုရားကျောင်း၌ မဲဆန္ဒရှင်များနှင့်တွေ့ဆုံစဉ် အောက်တိုဘာ ၁၅ ရက်၊ ဒေသစံတော်ချိန် မွန်းတည့် ၁၂း ၀၅ နာရီ၌ တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဓားဖြင့်ထိုးသတ်သည့်ရာဇဝတ်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် အောက်တိုဘာ ၁၆ ရက်တွင် ရဲက ကြေညာလိုက်ပြီး အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးရဲလုပ်ငန်းစဉ်အဖြစ် ဆက်လက်ကိုင်တွယ်နေကြောင်း သိရသည်။