ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၆
ငြိမ်းချမ်းရေး အစီအစဉ်အတွက် နစကဥက္ကဋ္ဌအနေဖြင့် ၎င်း၏ ကတိကဝတ်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်သည် ဆိုလျှင် လာမည့် အာဆီယံထိပ်သီးအစည်းဝေးသို့ တက်ရောက်ရန် မလေးရှားက လိုလားမည်မဟုတ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆာဖတ်ဒင် အဗ္ဗဒူလာက ပြောကြား သည်ဟု ဘန်ကောက်ပို့စ် ဝက်ဘ်ဆိုက်က ဖော်ပြသည်။
လာမည့်သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် စီစဉ်နေသော အာဆီယံအထူးသံတမန် အာရီဝမ်ယူဆွတ်ကို မိမိ အကြောင်းကြားပြီးဖြစ်ကြောင်း ဆာဖတ်ဒင်က ဆက်လက်ပြောကြားသည်။
“အာရီဝမ်ယူဆွတ်ရဲ့ အဆိုပြုထားတဲ့ ခရီးစဉ် အသေးစိတ်ကို ဒီညနေ ကျနော်တို့ ကြည့်မှာဖြစ်ပါတယ်” ဟု ဆာဖတ်ဒင်က အောက်တိုဘာ ၁၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“တိုးတက်မှု တစ်စုံတစ်ရာမရှိရင် ဗိုလ်ချုပ်မှူးကြီးကို ထိပ်သီးအစည်းအဝေး မတက်စေချင်တာ မလေးရှားရဲ့ ရပ်တည်ချက်ပါ။ ဒါကို အလျှော့ပေးလို့ မရပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစ၍ အာဆီယံသို့ ဝင်ရောက်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းဖြစ်နေမှုကို ဖြေရှင်းရန် အချက် ၅ ချက် ပါဝင် သည့် အာဆီယံသဘောတူညီချက်ကို ပြီးခဲ့သည့် ဧပြီလက သဘောတူလက်ခံခဲ့သည်။
ဧပြီလက မြန်မာ့အရေးအတွက် အာဆီယံသဘောတူညီမှု အချက် ၅ ချက်တွင် သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်း စာနာထောက်ထားမှု ရရှိရေးနှင့် သွေးထွက် သံယိုမှုများ ရပ်တန့်ရေးတို့ ပါဝင်သည်။
အဆိုပါ အာဆီယံသဘောတူညီချက်ကို ကုလသမဂ္ဂ၊ တရုတ်နှင့် အမေရိကန်တို့က ထောက်ခံခဲ့ကြသည်။ သို့သော် အာဆီယံ သဘောတူညီချက်ကို နစက-က လိုက်နာရန် ပျက်ကွက်ခြင်းအတွက် အာဆီယံအဖွဲ့ဝင်အချို့က ဝမ်းနည်းကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။
အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် ထိပ်သီးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ပဲ ထားရန် မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့က ထောက်ခံကြောင်း ပြသနေသော်လည်း အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် တွန်းအားပေးနေကြောင်း အဆိုပါဆွေးနွေးနေမှုတွင် ပါဝင်သူ သတင်းရင်းမြစ်သုံးဦးက ရိုက်တာ သတင်းဌာနသို့ ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်ဟု ဆိုထားသည်။