၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၆
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမည့် ကမ္ဘောဒီးယားနိုင်ငံကနေ တဆင့် တရုတ်၏ ဖိအား မြန်မာနိုင်ငံအပေါ် ရှိလာနိုင်သည်ဟု သံတမန် အသိုင်းအဝန်းကြားမှာ ပြောဆို ဆွေးနွေးနေကြသည်။
လက်ရှိတွင် အာဆီယံဥက္ကဋ္ဌအဖြစ် ဘရူနိုင်းနိုင်ငံက တာဝန်ယူထားပြီး ယခုနှစ်အကုန်၌ ကမ္ဘောဒီးယားနိုင်ငံမှ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူသွားမည်ဖြစ်ရာ တရုတ်နှင့်ကမ္ဘောဒီးယားဆက်ဆံရေး ကောင်းမွန်မှုကြောင့် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားသံတမန်ကနေတဆင့် မြန်မာနိုင်ငံသို့ ဖိအားပေးလာနိုင်သည်ဟု သုံးသပ်နေကြခြင်းဖြစ်သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက “အခု အာဆီယံမှာ အထူးသံခန့်တဲ့ အနေအထားက ဒီနှစ်ကုန်ထိပဲဗျ။ ဘရူနိုင်းက အခုလက်ရှိမှာ ဥက္ကဋ္ဌပေါ့။ အဲအနေအထားမှာ အလှည့်ကျ ဥက္ကဋ္ဌက ကမ္ဘောဒီးယားဖြစ်လာလိမ့်မယ်။ အဲတော့ အထူးသံကလည်း ကမ္ဘောဒီးယားရဲ့ ကိုယ်စားလှယ် တစ်ဦးဦး ဖြစ်လာမှာပေါ့ဗျာ။ အဲလို အနေအထားမှာ သံတမန် အသိုင်း အဝန်းကြားမှာ ပြောနေတာရှိတယ်ဗျ။ အဲတာ ဘာလဲဆိုတော့ ကမ္ဘောဒီးယားသာဖြစ်လာရင် တရုတ်ရဲ့ဖိအားက ကမ္ဘောဒီး ယား ကိုယ်စားလှယ်ကနေ တဆင့် သက်ရောက် လာနိုင်တယ်ဆိုတာမျိုးလည်း ပြောဆို ဆွေးနွေးနေတာတွေ ရှိတာပေါ့ နော်။ အဲတော့ ပြောမယ်ဆိုရင်တော့ စစ်ကောင်စီအနေနဲ့ ဘယ်လိုအနေအထားမျိုးကို မျှော်မှန်းပြီးတော့ ဘယ်လိုမျိုး ဆုံး ဖြတ်နေလဲ၊ ကြန့်ကြာနေလဲ ဒါကတော့ ကျနော်တို့လည်း မပြောတတ်ဘူးဗျ”ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံအရေးကို ဖြေရှင်းနိုင်ရန်အတွက် အနောက်နိုင်ငံများ၊အမေရိကန်၊ ဥရောပသမဂ္ဂ(EU)၊ တရုတ်၊ ဂျပန် စသည့် နိုင်ငံများက အာဆီယံမှ ကြားဝင်ဖြေရှင်းရန် ရှေ့တန်းတင်ထားကြောင်း၊ ထိုအခြေအနေမှာ မဖြေရှင်းနိုင်ဘဲဖြစ်ပါက နောက်ပိုင်း သံတမန်ရေးရာ ကိစ္စများတွင် အဆင်မပြေမှုများ ဖြစ်လာနိုင်သည်ကို သတိထားသင့်ကြောင်း ၎င်းက ပြော သည်။
ပုံ-ကမ္ဘောဒီးယားဝန်ကြီးချုပ်နဲ့တရုတ်သမ္မတကိုတွေ့ရစဉ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ တရုတ်နိုင်ငံအနေဖြင့် အာဆီယံကနေတဆင့် မြန်မာနိုင်ငံကို ဖိအားပေး လိမ့်မည်ဟု မထင်ကြောင်း ဆိုသည်။
၎င်းက “ကျနော်တော့ အာဆီယံအပေါ်မှာ တရုတ်က အဲသလောက် ဖိအားပေးလိမ့်မယ်လို့တော့ မထင်ဘူးဗျ။သူတို့က အခု အာဆီယံက လုပ်နေတဲ့ ဆုံးဖြတ်ချက် ၅ ချက်နဲ့ တရုတ်ရဲ့သဘောထားနဲ့က တော်တော်လေး နီးစပ်တယ်။ ထူးခြား တာကတော့ တရုတ်က နိုင်ငံခြားက အင်အားသုံးပြီးတော့ တပ်တွေနဲ့ဝင်ရောက်စွက်ဖက်မှု အဲတာကို ဆန့်ကျင်တာ ထူးထူး ခြားခြား ပါလာတာပေါ့။ ဆိုတော့ အခုက နစက-က အာဆီယံအသင်းက ချမှတ်ထားတဲ့ ၅ ချက်ထဲမှာ သူက တွေ့ဆုံ ဆွေး နွေးပွဲတွေ လုပ်ဖို့ဆိုတဲ့ဟာ တစ်ခုပဲ သူက မလုပ်တာ ဒါပေမယ့် သူ့မှာလည်း အကြောင်းပြချက်ရှိတယ်။ သြဂုတ်လ ကနေ စပြီးတော့ အပစ်အခတ်ရပ်စဲထားဖို့ သူက သဘောတူတယ်၊ ခက်တာက ဟိုဘက်က NUG က အဲဒီအချိန်မှာ D day ကြေ ညာ လိုက်တာ၊ D day ကြေညာလိုက်တဲ့ အခါကျတော့ သူ့ဘက်က ပြောစရာရသွားတာပေါ့။ သူတို့က မလုပ်ချင်တာ မဟုတ်ဘူး သူက အဲသလိုကြီးလုပ်တော့ ကျနော်တို့ ဘယ်လိုလုပ်မလဲဆိုတဲ့ဟာ နစကဘက်က ပြောစရာအကျိုး အကြောင်းက ရှိနေတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် ခန့်အပ်ခွင့်ပြုရန်၊ သွေးထွက် သံယိုမှုများ ရပ်တန့်ရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအ ညီများ ပေးအပ်ရန်၊ သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးကြရန်၊ ဖမ်းဆီးခံထားရသူများ ပြန်လွတ်ပေးရန် စသည့် အချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် ချမှတ်ခဲ့သည်။
ပုံ-၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က ကျင်းပသည့် အာဆီယံအစည်းအဝေးကို မြင်ရစဉ်။
အဆိုပါ အချက် ၅ ချက်အနက် နစကဘက်မှ တွေ့ဆုံဆွေးနွေးရေးဆိုသည့် အချက် ၁ ချက်သာ အကောင်အထည်ဖော်မှု အားနည်းနေသေးပြီး ကျန်အချက်များကို အကောင် အထည်ဖော်နေသည့်အတွက် တရုတ်ဖိအား အာဆီယံအဖွဲ့ဝင်နိုင်ငံထံ ကနေ ဖြစ်တည်လာရန် နည်းကြောင်း ဆိုကြသည်။
လက်ရှိတွင် အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပရန် ပြင်ဆင်နေပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ရန် ဆုံးဖြတ်မှုများရှိသည်ဟု ဂျပန်သတင်းဌာန NHK က ရေးသားဖော်ပြခဲ့သော်လည်း အာဆီယံဆုံးဖြတ်ချက် တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
ထို့နောက် အာဆီယံထိပ်သီး အစည်းအဝေးကို နစကဥက္ကဋ္ဌအား မဖိတ်ကြားပါက အာဆီယံ အခြေခံမူ (၆)ရပ်နှင့်ဆန့်ကျင် သွားနိုင်သည့်အတွက် မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရန် မဖြစ်နိုင်ဘဲ ဖြစ်သွား မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။