၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၁၇
အာဆီယံထိပ်သီးအစည်းအဝေးသို့ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သူ တက်ရောက်ပါက မြန်မာ့အရေးနှင့်ပတ်သက်၍ ထွက်လာ မည့်ရလဒ်သည် မြန်မာနိုင်ငံအတွက် ထူးခြားမည်မဟုတ်သလို မျှော်လင့်ချက်လည်းမရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ် သူများနှင့် နိုင်ငံရေးပါတီ အချို့က CNI သတင်းဌာနသို့ ပြောသည်။
ယခုနှစ် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပရန်ရှိသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံဘက်မှ နိုင်ငံရေးနယ်ပယ်ထဲကမဟုတ်သည့် အရပ်ဘက်ကိုယ်စားလှယ်တစ်ဦးအား ဖိတ်ကြားမည်ဟု အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက ရိုက်တာသတင်းဌာနသို့ အောက်တိုဘာ ၁၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
နိုင်ငံရေးနယ်ပယ်ထဲကမဟုတ်သည့် ကိုယ်စားလှယ် မည်သူ့ကို မည်ကဲ့သို့ ရွေးချယ်မည်နည်းနှင့် ထိုကိုယ်စားလှယ်သည် အာဆီယံထိပ်သီးညီလာခံတွင် လုပ်ပိုင်ခွင့် မည်မျှရှိနိုင်သနည်းဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၏ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က မေးခွန်းထုတ်သည်။
“ဘယ်သူ့ကိုရွေးမယ်၊ ဘယ်လိုရွေးမယ်၊ စစ်ကောင်စီကပဲ ရွေးမှာလား။ စစ်ကောင်စီကလည်း ဘယ်လိုလုပ် ရွေးတတ်တော့ မလဲ။ ဥပမာ မဲပေးတဲ့အခါကျရင် အဲ့ဒီသူက မဲပေးပိုင်ခွင့်ရှိမလား။ လုပ်ပိုင်ခွင့်ရှိသလား။ သွားတက်တဲ့အခါမှာ သူ့ရဲ့ ပြောပိုင် ခွင့် ဘယ်လောက်လဲ။ သူကရော ဘယ်လောက်ပြောနိုင်သလဲ။ မဲပေးမယ်ဆို မဲပေးခွင့်ရှိမလား။ တန်းစီပြီး ဓာတ်ပုံရိုက်ကျရင် သူကပါနိုင်သလား။ သူ့ကို နိုင်ငံ့ခေါင်းဆောင်တွေနဲ့ယှဉ်ပြီး အတူတူထိုင်ခိုင်းမလား။ စားပွဲဝိုင်းလိုမျိုး ပတ်ပတ်လည် ဝိုင်းပြီး ထိုင်ကြတာလေ။ အဲ့ထဲမှာ သူ့ကို ထိုင်ခိုင်းမလား။ ပေးထိုင်မလား” ဟု CNI သို့ ပြောသည်။
ထို့နောက် အာဆီယံထိပ်သီး အစည်းအဝေးသို့ နိုင်ငံရေးနယ်ပယ်မှ မဟုတ်သူကို တက်ရောက်ခွင့်ပြုခြင်းက မြန်မာ့အရေး ဆုံး ဖြတ်မှုများ မလုပ်နိုင်ဘဲ ဖြစ်သွားပြီး ရလဒ်ထွက်မည်မဟုတ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးသိန်းထွန်းဦးက ပြောသည်။
ပုံ- ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးကိုတွေ့ရစဉ်။
၎င်းက “အဲ့ဒါကတော့ ကျနော်ထင်ပါတယ်။ ဒီဘက်က ကိုယ်စားလှယ်က ခုနကပြောသလို political နယ်ပယ်က မဟုတ်ဘူး ဆိုတော့ သွားတက်လည်း တက်တဲ့သူက ထိုင်နားထောင်ပြီး ဘာပြောမလဲ။ အဲ့ဒါမျိုးနဲ့ပဲ ပြန်လာမှာ။ ကျနော်ထင်တယ် သိပ် တော့ အကျိုးသိပ်မရှိတဲ့ ပုံစံမျိုးလိုပဲ ဖြစ်သွားလိမ့်မယ်၊ ဦးတည်လိမ့်မယ်လို့ ကျနော်ထင်တယ်။ သိပ်ထူးထူးခြားခြားကြီး လည်း ဖြစ်မှာမဟုတ်ဘူး။ နောက် တစ်ချက်က မြန်မာဘက်က လောလောဆယ် လက်ရှိပေါ့နော်၊ တကယ့်အုပ်ချုပ်နေတဲ့ အစိုးရတစ်ရပ်ရဲ့ အသံမပါပဲနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သူတို့ဘာတွေ ဆုံးဖြစ်ကြမလဲဆိုတာလည်း နည်းနည်းတော့ စဉ်း စား စရာရှိတယ်ပေ့ါ။ ပြောရ ရင်တော့ သိပ်သဘာဝမကျတဲ့ပုံစံမျိုးဖြစ်တော့ ထွက်လာမယ့်ရလဒ်ဟာလည်း ကျနော်တို့ အတွက်တော့ ဘာမှထူးခြားမှာ မဟုတ်ဘူးလို့ပဲမြင်ပါ
တယ်”ဟု CNI သို့ ပြောသည်။
အာဆီယံ၏ပဋိညာဉ်စာတမ်းတွင် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်နှင့် ဆုံးဖြတ်ချက်တစ်ခုကို အားလုံး ဘုံသဘောတူညီမှု ရယူပြီးမှ ချမှတ်ရန်ဟူ၍ ပါရှိသည်။
ယခုကဲ့သို့ အာဆီယံဘက်မှ လုပ်ဆောင်လိုက်ခြင်းသည် တချိန်ချိန်တွင် အာဆီယံအတွက် အက်ကြောင်းတစ်ခု ဖြစ်လာနိုင် ကြောင်း၊ အဖွဲ့ဝင်များကြားထဲတွင် သဘောထားကွဲပြားမှုများဖြင့် အဖွဲ့၏ စည်းလုံးညီညွတ်ခြင်းကိုပါ ထိခိုက်သွားနိုင် ကြောင်း ဦးသိန်းထွန်းဦးက ဆိုသည်။
အာဆီယံထိပ်သီး အစည်းအဝေးသည် နိုင်ငံ့အကြီးအကဲများသာ တက်ရောက်ရသည့် အစည်းအဝေးဖြစ်သည်။
မြန်မာနိုင်ငံဘက်မှ NUG ကလည်း မိမိတို့သည် တရားဝင် ရွေးကောက်တင်မြောက်ခံထားရသည့် အစိုးရဖြစ်ကြောင်း၊ နစက မှလည်း မဲမသမာမှုကြောင့် အာဏာထိန်းရတာဖြစ်ကြောင်း ပြောဆိုကြသည့်အတွက် ယခုကဲ့သို့ တက်ရောက်ခွင့် မပြုခြင်း သည် အာဆီယံအနေဖြင့် သင့်တော်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဦးထွန်းအောင်ကျော်က ဆိုသည်။
ပုံ- အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပနေသည်ကိုတွေ့ရစဉ်။
သို့သော် နိုင်ငံရေးနယ်ပယ်မှ မဟုတ်သည့် ကိုယ်စားလှယ်တက်ပါက မြန်မာနိုင်ငံအရေးအတွက် ကိုယ်စားပြု ပြောနိုင်မှာ မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဦးထွန်းအောင်ကျော်က”အဲ့ဒါကိုပြောတာပေါ့၊ မြန်မာနိုင်ငံအတွက် ထိပ်သီးဆိုတာက နိုင်ငံရဲ့ အကြီးအကဲတွေ တက်ရောက် ရမယ့် ကိစ္စပဲလေ။ အဲ့ဒါကို နိုင်ငံရေး နယ်ပယ်က မဟုတ်တဲ့ အရပ်သားကို ခေါပြီးတော့ ဆွေးနွေးခိုင်းဖို့ကလည်း အဲ့တက် ရောက်တဲ့သူက ဘယ်လောက် ကိုယ်စားပြုပြီး ပြောနိုင်မလဲ မြန်မာနိုင်ငံအတွက်။ အဲ့ဒါလည်း လိုသေးတယ်လေ။ ဖြစ်သလို လုပ်တဲ့ ပုံစံနဲ့ကတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်မှာ မဟုတ်ဘူးလို့တော့ ကျနော်ကတော့ အဲ့လိုပဲမြင်ပါတယ်”ဟု CNI သို့ ပြောသည်။
နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြန်မာနိုင်ငံအနေနှင့် အာဆီယံနိုင်ငံထဲက နုတ်ထွက်မှာမဟုတ်ကြောင်း ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။
ယခုကိစ္စနှင့် အထူးကိုယ်စားလှယ်၏ ခရီးစဉ်ကို ချိတ်ဆက်ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံအပေါ် ဖိအားပေးခြင်းဖြစ် သဖြင့် ဘေးထွက်ဆိုးကျိုးများသာ ဖြစ်စေမည်ဖြစ်ကြောင်းနှင့် တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့မှုအပေါ် မြန်မာမှ သဘောမတူ ကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။