၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်/အချုပ်ထောင်/စခန်း အသီးသီးတွင် အကျဉ်းကျ ခံနေကြရသူ အကျဉ်းသား/သူ ၁၃၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သလို တရားစွဲဆို အမှုရင်ဆိုင် နေကြရသူ ၄၀၀၀ ကျော်ကိုလည်း အမှုရုပ်သိမ်းပေးလိုက်ကြောင်း နစက-က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နစကသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်စစ်မှန်သည့် ဒီမိုကရေစီစနစ် ဖော် ဆောင်နိုင်ရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ CRPH ၊ NUG တို့ကြောင့် ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံနေရသူများအား လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့်နိုင်ငံတော် တည် ဆောက်ရေးတွင် ပါဝင်နိုင်စေရန်
အတွက်လည်းကောင်း နစကဥက္ကဋ္ဌသည် အကျဉ်းသား/သူ ၁၃၁၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။
ထို့နောက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်း ပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ် မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်သည်ဟုလည်း ဆိုထားသည်။
အလားတူ တရားစွဲဆိုခြင်းခံနေရသူ ၄၃၂၀ ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်ဟု လည်း ယနေ့ (အောက်တိုဘာ ၁၈ ရက်)ထုတ်ပြန်ကြေညာခဲ့သည်။