၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၅

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အနေဖြင့် ခေတ်မီသည့် တပ်မတော်တစ်ရပ် တည်ဆောက် ရန်အတွက် ပထမဆုံးအကြိမ် အမျိုးသမီးဗိုလ်လောင်းသင်တန်းကို ပေးအပ်ခဲ့ပြီး အောက်တိုဘာ ၁၂ ရက်တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

TNLA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးမိုင်းအိုက်ကျော်က “အဓိက ကျနော်တို့ ရည်ရွယ်ချက်ကတော့ အမျိုးသမီး လည်း အမျိုးသားတွေနဲ့ တန်းတူညီတူ ဦးဆောင်နိုင်အောင် ရေရှည်ခေါင်းဆောင်ပိုင်းတွေ မွေးထုတ်ပေးနိုင်ဖို့၊ ကျနော်တို့တပ်မတော် တည်ဆောက်တဲ့အချိန်လည်း ခေတ်မီတဲ့တပ်မတော်တစ်ရပ်ဖြစ်ဖို့ ရည်ရွယ်ပြီးမှ ဖွင့်လှစ်တဲ့ သင်တန်းကျောင်းဖြစ်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က TNLA ၏ အပတ်စဉ် (၁) ဗိုလ်လောင်းသင်တန်းကို အမျိုးသားသီးသန့် ဗိုလ်လောင်း သင်တန်းဆင်းပွဲ ပြုလုပ်ပေးခဲ့ပြီး အပတ်စဉ် (၂) အနေဖြင့် အမျိုးသမီးဗိုလ်လောင်းသင်တန်း ဆင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးဗိုလ်လောင်းသင်တန်းတွင် သင်တန်းဆင်း (၃၅) ဦးရှိကြောင်းနှင့် ဆက်လက်ပြီး ယင်းကဲ့သို့ ဗိုလ်လောင်းသင်တန်းများ ပေးသွားမည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

“အခုက သူတို့သင်တန်းပြီးတော့ လောလောဆယ်တော့ စစ်ဘက်ကို အလုပ်သင်အနေနဲ့ထားတယ်။ သူ့တာဝန်က တာဝန်ကျတဲ့ဌာနကို သွားပြီး‌တော့ တာဝန်ထမ်းဆောင်မှာဖြစ်တယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

အဆိုပါ အမျိုးသမီးဗိုလ်လောင်းသင်တန်းကို (၂) နှစ်တက်ခဲ့ရပြီး အမျိုးသားဗိုလ်လောင်းများကဲ့သို့ စစ်ရေး၊ နိုင်ငံရေးများအပြင် စီမံခန့်ခွဲရေးသင်တန်းများပါ သင်ကြားခဲ့ရတယ်လို့ ဆိုသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ စသည့်မြို့နယ်များအပါအဝင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်များတွင် လှုပ်ရှားလျက်ရှိသော ပလောင် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

လက်ရှိမှာလည်း အစိုးရနှင့်ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(Bilateral)ထိုးနိုင်ရေး ဆွေးနွေး ညှိနှိုင်းလျက်ရှိနေသော အဖွဲ့လည်းဖြစ်သည်။