နယူးယောက်၊ အောက်တိုဘာ ၁၅
နစက၏သံတမန်ကို အသိအမှတ်ပြုသည့် သဘောသက်ရောက်သွားမည့် အခြေအနေကို ရှောင်ရှားနိုင်ရန်အတွက် အာဆီယံ အာဆီယံဝန်ကြီးများနှင့် ကျင်းပမည့် virtual အစည်း အဝေးကို ရွှေ့ဆိုင်းရန် ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရတ်စ် က တောင်းဆိုလိုက်ကြောင်း ကုလသမဂ္ဂသံတမန်များက ပြောကြားသည်။
နစကမှ ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အရှေ့တောင်အာရှနိုင်ငံများ အသင်း (အာဆီယံ)မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်တို့ သောကြာနေ့မှာ တွေ့ဆုံမည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက အောက်တိုဘာ ၁၅ ရက်တွင် ဖော်ပြသည်။
လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ အရေးပေါ် ကိစ္စရပ်များကြောင့် နှစ်ဖက် သဘောတူသည့် အချိန် အထိ အစည်းအဝေးကို ရွှေ့ဆိုင်းထားရန် ဂူတာရက်စ်က တောင်းဆိုခဲ့ကြောင်း အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းထံမှ အာဆီယံအဖွဲ့ဝင် နိုင်ငံများကို အသိပေးခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ခံအစိုးရမှ ခန့်အပ်ထားသော လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ကုလသံတမန် ဦးကျော်မိုးထွန်းနှင့် နစကတို့ အပြိုင် တောင်းဆိုခဲ့ကြပြီးနောက် ကုလသမဂ္ဂရှိ မြန်မာနိုင်ငံကိုယ်စားပြုခွင့်အား မည်သူကိုပေးသင့်သလဲဆိုသည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ရှေ့မတိုးလိုသေးကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်ဟု အမည်မဖော်လိုသော ကုလသမဂ္ဂသံတမန် များက ဆိုသည်။
လွှတ်တော်သစ် ခေါ်ယူမည့်နေ့(ဖေဖော်ဝါရီ ၁ ရက်)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားရွေးကောက်ခံ ကိုယ်စားလှယ်များ ဖမ်းဆီးခံခဲ့ရပြီးနောက် တပ်မတော်က နိုင်ငံတော်အာဏာကို ရယူလိုက်သည်။
နစကမှ စေလွှတ်သည့် သံတမန် တက်ရောက်မည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့်ပတ်သက်၍ ဂူတာရက်စ် တွန့်ဆုတ်နေသည့်သတင်းများ ထွက်ပေါ်လာခဲ့သည်။ လာမည့် အာဆီယံထိပ်သီး အစည်းအဝေး၌ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ကြားရန် ဆွေးနွေးမှုများ လည်း အာဆီယံအတွင်း ရှိနေခဲ့သည်။
ပြီးခဲ့သည့် ဧပြီလက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အချက် ၅ ချက်ကို အာဆီယံက သဘောတူခဲ့သော်လည်း ထိုအချက် ၅ ချက် အကောင်အထည်ဖော်မှု တိုးတက်ခြင်းမရှိခဲ့ဘဲ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရီဝမ်ယူဆွတ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မပေးပေ။
အဆိုပါအစည်းအဝေးကို အွန်လိုင်းတွင် ဂရင်းနစ်စံတော်ချိန် နံနက် ၁၁ နာရီတွင် စတင်မည်ဖြစ်ပြီး နစက၏ နိုင်ငံခြားရေး ဝန်ကြီး တက်ရောက်လိမ့်မည်ဟု မျှော်လင့်ရသည်။
အောက်တိုဘာ ၂၆ ရက် စတင်ရန် စီစဉ်ထားသော အာဆီယံထိပ်သီး အစည်းအဝေးသို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဖိတ်သင့်ကြောင်း အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံများက ဆွေးနွေးလျက်ရှိနေသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့သည်။ အာဆီယံ၏ အခြေခံမူ ၆ ချက်ရှိ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို တခြားနိုင်ငံက စွက်ဖက်ခွင့်မရှိသလို အများသဘောတူညီမှုကို အခြေခံ၍ ဆုံးဖြတ်ချက်များကို ချမှတ်ရမည် ဆိုသော အချက်ပါ ပါ၀င်သည်။
ဒေသတွင်းရှိ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အဖွဲ့၏ အောက်တိုဘာ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်သော အိတ်ဖွင့်ပေးစာထဲတွင် “နစကအနေဖြင့် အာဆီယံက သဘောတူထားသည့် အချက် ၅ ချက်ကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုခြင်းကြောင့် လာမည့်အစည်းအဝေးသို့ ဖိတ်ကြားခြင်းမပြုရန်” တိုက်တွန်းထားသည်။