CNI News

၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၄

အာဆီယံအထူးကိုယ်စားလှယ် အနေဖြင့် မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးဦးတည်ချက်နှင့် ဖိအားပေးသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လိုသူများ၏ လုပ် ဆောင်မှုများကို ရှောင်ရှားနိုင်ရန် မျှော်လင့်သည်ဟု နစက လက်အောက်မှ နိုင်ငံရေးခြားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက “ အထူးကိုယ်စားလှယ် အနေဖြင့် မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ရာ တွင် အာဆီယံ၏ အခြေခံမူများ၊ အာဆီယံပဋိညာဉ်နှင့်အာဆီယံစိတ်ဓာတ်တို့ကို အခြေခံပြီး ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက် မည်ဟု ပြောကြားထားသည်ကို ကြိုဆိုပါကြောင်းနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံ ရေး ဦးတည်ချက်နှင့် ဖိအားပေးသည့် နည်း လမ်းများဖြင့် ဆောင်ရွက်လိုသူများ၏ လုပ်ဆောင်မှုများကို ရှောင်ရှား နိုင်လိမ့်မည်ဟု  မျှော်လင့်ပါတယ်”ဟု ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာအာရီဝမ်ယူဆွတ်သည် မြန်မာနိုင်ငံခရီးအနေဖြင့် အောက်တိုဘာ ၁၁ ရက်မှ ၁၄ ရက် အထိ လာရောက်လိုပြီး တွေ့ဆုံလိုသူများဖြင့် တွေ့ဆုံလိုကြောင်း စာရေးသာ အကြောင်းကြား လာသည့်အပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၂ ရက်တွင် နိုင်ငံရေးပါတီ ၈ ပါတီဖြင့် တွေ့ဆုံရန် စီစဉ်ခဲ့ကြသော်လည်း အကြောင်း အမျိုးမျိုး ကြောင့် ပျက်ပြယ်သွား၍ အောက်တိုဘာ ၁၃ ရက်မှာ တွေ့ဆုံရန်ပြန်လည် စီစဉ်ခဲ့သည်။ သို့သော် အောက်တိုဘာ ၁၃ ရက် နေ့မှာလည်း တွေ့ဆုံမှုမဖြစ်မြောက်ခဲ့ပဲ အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ အာဆီယံ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ် ပျက်ပြယ်သွားကြောင်း နိုင်ငံရေးပါတီများက CNI သတင်းဌာနသို့ ပြောသည်။

ပုံ-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပနေသည်ကိုတွေ့ရစဉ်

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက “ဟုတ်တယ် ခရီးစဉ်ပျက်သွားပြီးတဲ့၊ အဲဒါ ကြောင့် ကျနော်ရန်ကုန်တောင်ပြန်ရောက်နေပြီး၊ ဘာကြောင့်ဆိုတာတော့ မသိဘူး”ဟု CNI သတင်း ဌာနသို့ ပြောသည်။

သံတမန်အသိုင်းအဝန်းကတော့ အာဆီယံ အထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလို သာ်လည်း နစကဘက်က NLD အစိုးရလက်ထက်က ဒုသမ္မတ(၂) အဖြစ် တာဝန်ယူခဲ့သူ ဦးဟင်နရီဗန်းထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ဖြင့်သာ တွေ့ခွင့်ပေးမည်ဖြစ်ပြီး တရားရင်ဆိုင်နေရသူများဖြင့် တွေ့ဆုံရေးမှာ အကန့်အသတ်များ ရှိသည့် အတွက် အဆင်မပြေကြောင်း ပြန်ပြောခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် ညှိနှိုင်းမှု အဆင်မပြေသည့်အတွက် နိုင်ငံရေးပါတီများဖြင့် တွေ့ဆုံမည့် အောက်တိုဘာ ၁၂ ရက်နေ့ အစီအစဉ် ပျက်သွားခဲ့ပြီး ဆက်လက် ညှိနှိုင်းလျက်ရှိရာမှာတော့ နစကဘက်က NLD အစိုးရလက်ထက် သမ္မတ တာဝန်ယူခဲ့သူ ဦးထင်ကျော်ကို တွေ့ခွင့်ပေးမည်ဟုဆိုသော်လည်း အာဆီယံအထူးကိုယ်စားလှယ်က လက်မခံ ကြောင်း၊ နောက်ဆုံး ဖမ်းဆီးခံထားရသူများထဲမှ တစ်ဦးနှင့် ပြင်ပရှိ ကိုယ်စားလှယ်တစ်ဦးတို့ဖြင့် တွေ့ခွင့်ရနိုင် ရေး ညှိနှိုင်းနေကြသည်ဟု သံတမန် အသိုင်းအဝန်းထံမှ သိရသည်။

အဆိုပါ ညှိနှိုင်းမှုများ အဆင်မပြေသည့်အခါမှာတော့ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက် မည့် ခရီးစဉ် ပျက်ပြယ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ပုံ-နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကိုတွေ့ရစဉ်

နိုင်ငံခြားရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ရေး အတွက် လိုက်လျောမှုများကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အလေးပေး ဆောင်ရွက်နေရချိန်ဖြစ်သောကြောင့် အချို့ကိစ္စရပ်များကို ဆောင်ရွက်ပေးရန်မှာ အခက်အခဲရှိသကဲ့သို့ အချို့ကိစ္စရပ်များသည် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်သော ကြောင့် ယင်းတို့ကို အထူးကိုယ်စားလှယ်နှင့် အခြားနိုင်ငံများမှ နားလည်ပေးရန် လိုအပ်ပါသည်”ဟု ဆိုသည်။

ထို့နောက် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ပထမဆုံးခရီးစဉ်တွင် နှစ်ဖက် ယုံကြည်မှု တည်ဆောက် ရေး ကိစ္စကိုသာ အထူးကိုယ်စားလှယ်မှ အလေးပေး ဆောင်ရွက်သင့်ပြီး မြန်မာနိုင်ငံဘက်ကလည်း ၎င်းနှင့် အစိုးရ တာဝန် ရှိသူများအပြင် တွေ့ဆုံသင့်သူများကို တွေ့ဆုံနိုင်ရန် စီစဉ်ပေးထားပြီး ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်မှာ ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ အာဆီယံ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း လာရောက်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း ဆိုထားသည်။