၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄
ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) တို့ တိုက်ပွဲကြောင့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရသည့် ဒေသခံတချို့ လုံခြုံရေးအခြေအနေကြောင့် နေရပ်ပြန်ရန် အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများထံမှ သိရသည်။
“အဲဒါ ဘာကြောင့်လဲဆိုတော့ RCSS က ဖိထားတယ်ဗျ။ သူတို့ ခွင့်မပြုသေးသမျှ ရွာပြန်ခွင့် မရှိဘူးပေါ့။ အဲဒီလိုမျိုး ပြန်လို့ရှိရင် SSPP ကို ထောက်ခံတဲ့သူဖြစ်တယ်ဆိုပြီးတော့ ရန်သူလိုနဲ့ အရေးယူမယ် ဘာညာ ဆိုပြီးတော့ သူတို့ ခြိမ်းခြောက်ထားလို့ ရွာသားတွေက မပြန်ရဲတာပါ။ ကျနော်တို့ကတော့ ပြည်သူလူထုအနေနဲ့ လျှောက်လုပ်တာ မရှိပါဘူး။ ပြန်လို့ရပါတယ်။ ကျနော်တို့လည်း တိုက်တွန်းပါတယ်။ ပြန်ကြပါ ကိုယ့်ရွာ သူ့ရွာ ပြဿနာမရှိဘူးပေါ့။ လုံခြုံမှုအရလည်း ကျနော်တို့အဖွဲ့အနေနဲ့ သွားပြီးတော့ နှောင့်ယှက်၊ ဖိနှိပ်၊ ချုပ်ချယ်ဖမ်းဆီးတာမျိုး မလုပ်ပါဘူး။ ရိုးရိုးသားသား ပြည်သူလူထုဆိုရင် ပြဿနာမရှိဘူးလေ။ ဒီ
RCSS က အမာခံတွေကျ ထားလို့မရဘူးလေ” ဟု SSPP မှ အထွေထွေအတွင်းရေးမှူး (၂) ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက CNI သို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာအတွင်း ရှမ်းတပ်(၂)တပ် တိုက်ပွဲများကြောင့် ဟိုခဲကျေးရွာအုပ်စုမှ ပြည်သူ (၄) ထောင် ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် တချို့ တိုက်ပွဲရှောင်များမှာ နေရပ်သို့ ပြန်ကြပြီ ဖြစ်သည်။
ယင်းသို့ဒေသခံတချို့ နေရပ်မပြန်နိုင်သေးသည့်အပေါ် RCSS မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းခမ်းစံက “စစ်ပြေးတွေက သူတို့ပြန်မပြန်ဆိုတာ သူတို့ ဆန္ဒအပေါ်မှာပဲ မူတည်တယ်။ သူတို့ကို သွားထိန်းချုပ်လို့မရဘူး။ သွားကန့်သတ်လို့မရဘူး။ သူတို့မပြန်ဘူးဆိုတာ သူတို့ဟာ သူတို့ သုံးသပ်နိုင်တယ်လေ။ ပြောရမယ်ဆိုရင် သူတို့ လည်း သူတို့အိမ်တွေရှိတယ်။ သူတို့ရွာတွေရှိတယ်။ သူတို့ကျေးရွာအုပ်စုတွေရှိတယ်။ သူတို့ပြန်မပြန်ဆိုတာ သူတို့ဟာ သူတို့ ဆုံးဖြတ်လို့ရတာပေါ့နော်။ ကျနော်တို့က သွားပြီးတော့ လွမ်းခြုံမှုမရှိဘူး။လွမ်းမိုးမှုမရှိဘူး”ဟု CNI သိုပြောသည်။
မိုင်းကိုင်တွင် တိုက်ပွဲများ ဖြစ်ပွားမှုမရှိသော်လည်း လက်ရှိဝင်ရောက်နေရာယူထားသည့် SSPP ၏ စစ်ဆေး မေးမြန်းမှုများ ရှိနေသည့်အတွက် ဒေသခံများ ကြောက်ရွံ့မှုများ ဖြစ်နေသည်ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးစိုင်း (အမည်လွှဲ)က ဆိုသည်။
“တိုက်ပွဲက မဖြစ်ဘူး။ ၃၊ ၄ ရက်ရှိပြီ သူတို့ဟာနဲ့ သူတို့ မပြန်ရဲတာ။ ဟိုဘက်အဖွဲ့က ဒီဘက်ကို သိမ်းလာပြီလေ။ SSPP က သိမ်းလာပြီဆိုတော့ သူတို့ကလည်း နည်းနည်း စိမ်းနေတာပေါ့ဗျာ။ နည်းနည်း အယုံအကြည် သိပ်မရှိဘူး ပေါ့၊ သဘောကတော့ ကြောက်နေတာပေါ့။ အယုံအကြည်မရှိဘူးလို့တော့ မဆိုလိုပါဘူး။ သူတို့ကြောက်နေတာ” ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးစိုင်း(အမည်လွှဲ)က ပြောသည်။
လက်ရှိ နေရပ်ပြန်သွားသည့် တိုက်ပွဲရှောင်များမှာ ၃၀၀ ခန့်ရှိပြီး ကျန်ရှိနေသည့် တိုက်ပွဲရှောင်များမှာ ၃၀၀၀ ခန့် ကျန်ရှိနေသေးကြောင်း ၎င်းက ပြောသည်။
မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိုင်းပန်က “တိုက်ပွဲမရှိတော့ဘူးပေါ့။ လှုပ်ရှားမှု တော့ ရှိနေသေးတယ်လို့ ပြောတာပဲ။ ဒါပေမယ့် ကျနော်တို့လည်း မရောက်ဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဝင်အထွက် လုံးဝ ပေးမဝင်ဘူးလေ။ တိုက်ပွဲရှောင်တွေတော့ ပြန်ကြတယ်” ဟု CNI သို့ ပြောသည်။
လက်ရှိ မိုင်းကိုင်တိုက်ပွဲရှောင်များမှာ ဆေးဝါး၊ မိုးကာ၊ စောင်များ လိုအပ်သည်ဟု တိုက်ပွဲရှောင် ကူညီသူများထံမှ သိရသည်။
SSPP မှ အထွေထွေအတွင်းရေးမှူး (၂) ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက “အမြန်ဆုံး အေးချမ်းသွားအောင်လို့ ကျနော်တို့လည်း မျှော်လင့်ပါတယ်။ ဖြစ်ချင်ပါတယ်။ အဲဒါကျတော့လည်း တိုက်ပွဲတွေ မဖြစ်ဘဲနဲ့ သူတို့ (RCSS) ကျူးကျော်ထားတဲ့နေရာတွေ သူတို့ ဆုတ်ခွာသွားလို့ရှိရင် ဒီကိစ္စရပ်တွေ အားလုံးက ပြီးသွားပြီးတော့ အေးချမ်း သွားမှာပေါ့။ နောက်ပြီး ပြည်သူလူထုတွေမှာလည်း မကြောက်မရွံဘဲနဲ့ တည်ငြိမ်အေးချမ်းစွာနဲ့ လုပ်ကိုင် စားသောက်နိုင်တဲ့ လုပ်ငန်းတွေလုပ်နိုင်ဖို့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဆိုသည်။
RCSS သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် ရှမ်း လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး SSPP ကမူ NCA မထိုးရသေးဘဲ ထိုးနိုင်ရေးဆွေးနွေးနေဆဲ ရှမ်းလက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
RCSS နှင့် SSPP တို့သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ္မတူ၊ နောင်ချို စသည့် မြို့နယ်များအတွင်း နယ်မြေအငြင်းပွား၍ တိုက်ပွဲများ ယနေ့အချိန်ထိ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။