ဒမတ်စကပ် အောက်တိုဘာ ၁၄

ဆီးရီးယားနိုင်ငံအလယ်ပိုင်းရှိ ဟုမ်းစ်ပြည်နယ်တွင် ယမန်နေ့က အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီးရီးယားတပ်သား တစ်ဦးနှင့် အီရန်လိုလားသည့်တိုက်ခိုက်ရေးသမား သုံးဦးတို့ သေဆုံးခဲ့ကြောင်း ဗြိတိန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် france24.com က ဖော်ပြသည်။

ဟုမ်းစ်ပြည်နယ်၊ ပယ်မိုင်ရာမြို့အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သားတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဆီးရီးယားအစိုးရပိုင် SANA သတင်းအေဂျင်စီက ရေးသားဖော်ပြသည်။

ယင်းနေ့ ဒေသစံတော်ချိန် ည ၁၁ နာရီ ၃၄ မိနစ် (ဂရင်းနစ်စံတော်ချိန် ည ၈ နာရီ ၃၄ မိနစ်)တွင် အစ္စရေးက ပယ်မိုင်ရာမြို၊ ဆက်သွယ်ရေးတာဝါတိုင်တစ်ခုနှင့်အနီးတဝိုက်ရှိ နေရာအတော်များများကို ပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ခုက SANA သတင်းအေဂျင်စီသို့ ဆက်လက် ပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် ပယ်မိုင်ရာမြို့အရှေ့ဘက် T4 လေတပ်စခန်းအနီးရှိ ဆက်သွယ်ရေးတာဝါများအပါအဝင် အီရန်လိုလားသည့်တိုက်ခိုက်ရေးသမားများ ခိုအောင်းရာနေရာများကို ပစ်မှတ်ထားခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆိုသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားတပ်သား ၆ ဦး ဒဏ်ရာရကြောင်း SANA သတင်းက ဆက်လက်ဖော်ပြသည်။

၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားချိန်မှစ၍ အစ္စရေးသည် ဆီးရီးယားပိုင်နက်အတွင်းသို့ လေကြောင်း တိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်လေ့ရှိပြီး ပစ်မှတ်အများစုမှာ ဆီးရီးယားအစိုးရတပ်နယ်မြေများအပြင် အီရန်နှင့် လက်ဘနွန်၊ ဟစ်ဇ်ဘိုလာပြောက်ကျားအဖွဲ့များ၊ ဒမတ်စကတ်အစိုးရနှင့် မဟာမိတ်ပြုထားသည့် လက်နက်ကိုင် အဖွဲ့များကို ဖြစ်သည်။

ယင်းတိုက်ခိုက်မှုတစ်ခုချင်းစီကို အစ္စရေးစစ်တပ်က အသိအမှတ်ပြုခဲ့သော်လည်း ဆီးရီးယားကို ၎င်း၏ ရန်သူ တော် အီရန်၏အမာခံနယ်မြေအဖြစ်ခံမည်မဟုတ်ကြောင်း ဂျေရုဆလင်အနေဖြင့် ထပ်တလဲလဲ ပြောကြားပြီး ဖြစ်သည်။