၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ အာရီဝမ်ယူဆွတ်သည် မြန်မာ့နိုင်ငံရေး အကျပ်အ တည်းကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းသည့် အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ပျက်သွားကြောင်း သိရသည်။

အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံခရီးစဉ်အဖြစ် အောက်တိုဘာ ၁၁ ရက်မှ ၁၄ ရက်အထိ သတ် မှတ်ထားပြီး အောက်တိုဘာ ၁၂ ရက်နေ့မှာ နိုင်ငံရေးပါတီ ၈ ပါတီဖြင့် တွေ့ဆုံ ဆွေးနွေးရန်၊ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တခြားသော နိုင်ငံရေးပါတီများဖြင့် သီးသန့်တွေ့ဆုံ ဆွေးနွေး ရန် အစီအစဉ်များရှိခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၂ ရက်နေ့ တွေ့ဆုံမည့် အစီအစဉ်ပျက်ပြီး အောက်တိုဘာ ၁၃ ရက်နေ့မှ တွေ့ဆုံ မည်ဟု အစီအစဉ်အပြောင်းအလဲများဖြစ်ပေါ်ခဲ့ပြီးနောက် ယနေ့အခါမှာတော့ မြန်မာခရီးစဉ် လုံးဝပျက်သွားခြင်း ဖြစ်ကြောင်း အာဆီယံအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားခံရသည့် နိုင်ငံရေးပါတီများက ပြော CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)မှဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက “ဟုတ်တယ် ခရီးစဉ်ပျက်သွားပြီး တဲ့၊ အဲဒါကြောင့် ကျနော်ရန်ကုန်တောင်ပြန်ရောက်နေပြီး၊ ဘာကြောင့်ဆိုတာတော့ မသိဘူး”ဟု CNI သတင်း ဌာနသို့ ပြောသည်။

ပုံ-အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံခဲ့စဉ်။

 

အလားတူ တွေ့ဆုံ ဆွေးနွေးရေးတွင် တက်ရောက်ရန် ဖိတ်ကြားခံရသည့် နောက်ထပ် အမည်မဖော်လိုသူ ပါတီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း အာဆီယံအထူးကိုယ် စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်ပျက်သွားသည် မှာ ဟုတ်ကြောင်းဆိုသည်။

၎င်းက “ဟုတ်တယ် ခင်ဗျာ။ သူက ပထမရက် ချိန်းတယ်၊ ချိန်းပြီးတော့မှ ခရီးစဉ်က မပျက်ပါဘူး၊ တွေ့ဆုံဖို့အစီ အစဉ်က မပျက်ပါဘူး၊ ရက်တာ ရွှေ့တာပါလို့ ပြောတယ်ဗျ။ ပြောပြီး နောက်နေ့ကျတော့ ပျက်တယ်လို့ ပြော တယ်။ UEC က ပြောတာ ဟုတ်တယ်။ သူကတော့ ခရီးစဉ်ပျက်တယ်။ မလာဖြစ်ဘူးပေါ့။ ဖြစ်တယ်ဆိုရင်တော့ ထက်ပြီးတော့ အ ကြောင်းကြားပါမယ်ပေါ့ အဲလိုပြောတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ် မည်သည့်အတွက်ကြောင့် မြန်မာပြည်ခရီးစဉ် ပျက်သွားသည်ကိုတော့ မသိရ ကြောင်း တွေ့ဆုံဆွေးနွေးရေး အစီအစဉ်မှာ ဖိတ်ကြားခံရသည့် နိုင်ငံရေးပါတီများက ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ကြားခံရသည့် နိုင်ငံရေးပါတီများမှာ နေပြည်တော်မှာ အခြေစိုက်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်ထောင်စု ကောင်း ကျိုးဆောင်ပါတီ(UBP)၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက် တစ်ပါတီ(DNP)တို့ အပြင် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ရခိုင့် ဦးဆောင်ပါတီ(AFP)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)တို့ဖြစ်ကြသည်။

ပုံ-အာဆီယံကိုယ်စားလှယ်ကိုတွေ့ရစဉ်။

သံတမန်အသိုင်းအဝန်းကတော့ အာဆီယံ အထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလို သာ်လည်း နစကဘက်က NLD အစိုးရလက်ထက်
က ဒုသမ္မတ(၂) အဖြစ် တာဝန်ယူခဲ့သူ ဦးဟင်နရီဗန်းထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ဖြင့်သာ တွေ့ခွင့်ပေးမည်ဖြစ်ပြီး တရားရင်ဆိုင်နေရသူများဖြင့် တွေ့ဆုံရေးမှာ အကန့်အသတ်များ ရှိနိုင်သည်ဟု ဆိုသည်။

ထို့နောက် ညှိနှိုင်းမှုအဆင်မပြေသည့်အတွက် နိုင်ငံရေးပါတီများဖြင့် တွေ့ဆုံမည့် အောက်တိုဘာ ၁၂ ရက်နေ့ အစီအစဉ် ပျက်သွားခဲ့ပြီး ဆက်လက် ညှိနှိုင်းလျက်ရှိရာမှာတော့ နစကဘက်က NLD အစိုးရလက်ထက် သမ္မတ တာဝန်ယူခဲ့သူ ဦးထင်ကျော်ကို တွေ့ခွင့်ပေးမည်ဟုဆိုသော်လည်း အာဆီယံအထူးကိုယ်စားလှယ်က လက်မခံ ကြောင်း၊ နောက်ဆုံး ဖမ်း ဆီးခံထားရသူများထဲမှ တစ်ဦးနှင့် ပြင်ပရှိ ကိုယ်စားလှယ်တစ်ဦးတို့ဖြင့် တွေ့ခွင့်ရနိုင် ရေး ညှိနှိုင်းနေကြသည်ဟု သံတမန် အသိုင်းအဝန်းထံမှ သိရသည်။

သို့သော် လက်ရှိတွင် မြန်မာနိုင်ငံသို့ လာရောက်မည့် အာဆီယံ အထူးကိုယ်စားလှယ်၏ ခရီးစဉ် ပျက်သွားပြီဟု သိရသည်။