CNI International News

ဘဂ္ဂဒက်၊ အောက်တိုဘာ ၁၃

အီရတ်နိုင်ငံမှာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှ အစောပိုင်းရလဒ်များကို လိမ်လည်မှုများရှိနေကြောင်း အီရန်လိုလားသော ပါတီနှင့် လက်နက်ကိုင်အုပ်စုများက ရှုတ်ချကာ ပယ်ချခဲ့ကြကြောင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြ သည်။

အောက်တိုဘာ ၁၀ ရက်က ကျင်းပခဲ့သော အီရတ်ရွေးကောက်ပွဲတွင် မဲပေးသူများမှာ စုစုပေါင်း မဲပေးခွင့်ရှိသူ ဦးရေ၏ ၄၁ ရာခိုင်နှုန်းသာ ရှိသဖြင့် စံချိန်တင် နိမ့်ကျသည့်နှုန်းဖြစ်သည်။ ယခုရွေးကောက်ပွဲသည် ၂၀၀၃ ခုနှစ် အမေရိကန်ဦးဆောင်သော စစ်ရေးကျူးကျော်မှုနှင့် ထိုစဉ်က အုပ်ချုပ်သူ ဆက်ဒမ်ဟူစိန်ကို ဖြတ်ချခဲ့ပြီးနောက် အထိနာခဲ့သော အီရတ်နိုင်ငံ၌ ပဉ္စမ အကြိမ်မြောက် ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်မှ ထွက်ပေါ်လာသော အစောပိုင်း ရလဒ်များအရ အကြီးမားဆုံး အနိုင်ရရှိသူမှာ ဘာသာရေးနှင့် နိုင်ငံရေးပညာရှင် မွတ်တာဒါဖြစ်ပြီး ၎င်းအုပ်စုက လွှတ်တော်တွင်း ၃၂၉ နေရာရှိသည့်အနက် ၇၃ နေရာအထိ လတ်တလော ရရှိပိုင်ဆိုင်ထားသည်။

ဟာရှက်အယ်လ်ရှာဘီ (သို့မဟုတ်) လူထုအကြိုက် ရွေ့လျားအင်အားစု (PMF) အပါအဝင် လက်နက်ကိုင်များနှင့် ချိတ်ဆက် ထားသည့် အီရန်လိုလားသော ပါတီများက မဲရလဒ်များ လက်လွတ်ဆုံးရှုံး နေရဆဲ ဖြစ်သည်။

ပုံ-အီရတ်ရွေးကောက်ပွဲမှာ အနိုင်ရနေတဲ့ ဘာသာရေးဆရာ မွတ်တာဒါကို ထောက်ခံနေကြသူများကိုတွေ့ရစဉ်(AFP)

 

ယခင်က အီရတ်လွှတ်တော်တွင် ဒုတိယအင်အား အကြီးဆုံးဖြစ်ခဲ့သည့် ဖက်တ(အောင်ပွဲခံ)မဟာမိတ်အဖွဲ့က လက်ရှိအမတ် နေရာ ၄၈ နေရာရှိနေမှ ဆယ်ဂဏန်းအထိ သိသာစွာ ကျဆင်းသွားကြောင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့ များနှင့် အေအက်ဖ်ပီသတင်းဌာနက ပြုစုထားသော ရလဒ်များအရ သိရသည်။

ဖက်တမဟာမိတ်အဖွဲ့ပါတီ အပါအဝင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ပါတီအများအပြားက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ ရာမှာတော့ “ ကျနော်တို့ ရလဒ်တွေကို အယူခံဝင်မယ်။ အခုရလဒ်တွေကို ပယ်ချရပါမယ်” ဟု ဆိုထားသည်။

၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဝန်ကြီးချုပ်ဟောင်း ဟီဒါအယ်လ်အဘာဒီ လက်မှတ်ရေးထိုးထား သော အဆိုပါ ပူးတွဲကြေညာချက်တွင် “ကျနော်တို့ ရနိုင်သမျှ နည်းလမ်းတွေအားလုံးကို အသုံးချသွားမှာပါ” ဟု ရေးသား ထား သည်။

ယခုရွေးကောက်ပွဲသည် အီရတ်လူမျိုးတို့၏ ခေတ်သစ်သမိုင်းတွင် အကြီးမားဆုံး လိမ်လည်မှုအဖြစ် မိမိတို့ယူဆကြောင်း ဩဇာကြီးမားသော ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ကလည်း ဆိုသည်။

လက်ရှိ အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ်လ်ခက်ဒမီဟီသည် ပြည်တွင်းနိုင်ငံရေးတွင် အီရန်လွှမ်းမိုးနေမှုအား ဆန့်ကျင်သော လူငယ်များ ဦးဆောင်သည့် ဆန္ဒပြမှုများကို နှစ်သိမ့်စည်းရုံးပြီး ၂၀၂၂ ခုနှစ်အတွက် ထောက်ခံမဲ အများအပြား ရရှိထားသည်။ အဂတိလိုက်စားမှု၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် အများပြည်သူ ဝန်ဆောင်မှု ကျဆင်းနေခြင်းတို့အပေါ် ပြုပြင်ပြောင်းလဲလိုသော လူငယ်များကို လက်ရှိဝန်ကြီးချုပ်က ကြိုးစား၍ မဲဆွယ်နိုင်ခဲ့သည်။

ပြုပြင်ပြောင်းလဲမှု လိုလားသည့် လူငယ်အများစု ပါဝင်သော ဆန္ဒပြမှုများသည် အီရတ်နိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး ရာနှင့်ချီသော ဆန္ဒပြသူများ သေဆုံးကာ ဆန္ဒပြမှုလည်း ရပ်တန့်သွားခဲ့သည်။ ဆန္ဒပြမှုကာလအတွင်း သွေးမြေကျမှုနှင့် ပြန်ပေး ဆွဲမှုများ လည်း ဖြစ်ပွားခဲ့ပြီး အီရန်လိုလားသော ပြည်တွင်း လက်နက်ကိုင် အုပ်စုများကို ထိုဆန္ဒပြသူများက ရှုတ်ချခဲ့ကြသည်။