ရီယက်ဒ်၊ အောက်တိုဘာ ၁၃

ယီမင်နိုင်ငံ၊ မာရစ်ဒေသတောင်ပိုင်းတွင် ဆော်ဒီဉီးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ယီမင်သူပုန် ၁၃၀ ကျော် သေဆုံးကြောင်း ဆော်ဒီဦးဆောင်သည့်ညွန့်ပေါင်းတပ်ဖွဲ့က အောက်တိုဘာလ ၁၃ ရက်တွင် ပြော ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။

သို့သော် ၎င်းသူပုန်များက မဟာဗျူဟာကျသည့် မာရစ်မြို့တောင်ဘက် ၂၅ ကီလိုမီတာ (၁၆ မိုင်) အကွာတွင်ရှိသော ခရိုင်တစ်ခုကို သိမ်းပိုက်သွားခဲ့သည်။ ပြီးခဲ့သည့်လက မာရစ်ဒေသ၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးကတည်းက အီရန်ကျောနောက်ခံပေးသည့် ဟူသီသူပုန်များ နှင့် အစိုးရသစ္စာခံတပ်သားများ ရာနှင့်ချီ၍ သေဆုံးခဲ့သည်။

မာရစ်မြို့သည် ယီမင်မြောက်ပိုင်းတွင် တည်ရှိပြီး ရေနံသယံဇာတ ကြွယ်ဝလျက် အစိုးရ၏ နောက်ဆုံး ခံတပ်ဖြစ်ကြောင်း နိုင်ငံတကာက အသိအမှတ်ပြုထားသည်။

မာရစ်ပြည်နယ်၏ အဘက်ဒီယာခရိုင်၌ တိုက်ပွဲများ ဆယ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း ယီမင်သူပုန် ၁၅၀ ကျော် မချေမှုန်းနိုင်မီကပင် ညွန့်ပေါင်းတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပုံ-ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့ကိုတွေ့ရစဉ်။(ရိုက်တာ)

“ကျနော်တို့က အဘက်ဒီယာခရိုင်မှာ ဟူသီပြည်သူ့စစ်တွေရဲ့ စစ်သုံးမော်တော်ယာဉ် ၉ စီးကို ပစ်မှတ်ထား တိုက်ခဲ့ပါတယ်။ သူတို့ဘက်က ဒါဆိုရင် ကျဆုံးသူ ၁၃၄ ယောက်ကျော် သွားပါပြီ” ဟု ညွန့်ပေါင်းတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်ကို ဆော်ဒီအာရေဗျ တရားဝင်မီဒီယာတစ်ခုက ဖော်ပြထားသည်။

သူပုန်များနှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် အယ်လ်ဂျော်ဘာခရိုင်ရှိ အစိုးရသစ္စာခံတပ်များမှ တပ်သားအချို့ ၎င်းတို့ရာထူးများမှ နှုတ်ထွက်သွားကြကြောင်း အမည်မဖော်လိုသူ စစ်ရေးသတင်းရင်းမြစ်က အေအက်ဖ်ပီသို့ ဆက်လက်ပြောကြားသည်။
ဟူသီသူပုန်များ ခရိုင်အတွင်းသို့ ထိုးဖောက် ဝင်ရောက်နေကြောင်း အဆိုပါ ဒေသခံများက အတည်ပြုခဲ့ပြီး ၎င်းတို့ ထိုးဖောက် မှုမှာ အလျင်အမြန်ပင် ဖြစ်ကြောင်း ဆိုသည်။

ယီမင်နိုင်ငံသည် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့နှင့် ရှီးယိုက်သူပုန်တို့အကြား ၇ နှစ်ကြာ ဖြစ်ပွားနေသော စစ်ကြောင့် အပျက်အစီးများစွာ ရှိနေရသည်။ လူပေါင်းထောင်နှင့်ချီ၍ သေဆုံးခဲ့ပြီး သန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

မာရစ်မြို့သည် ယီမင်တောင်ပိုင်းနှင့်မြောက်ပိုင်းတို့၏ ဆုံချက်ဖြစ်ပြီး ယီမင်မြောက်ပိုင်းကို ထိန်းချုပ်ရန် မဟာဗျူဟာကျသော နေရာလည်း ဖြစ်သည်။ မာရစ်မြို့ ကျဆုံးပါက ဟူသီသူပုန်များသည် အစိုးရထိန်းချုပ်ထားသော တောင်ဘက်ပိုင်းသို့ တပ်ရွှေ့ ရန် ဖြစ်နိုင်ခြေများကြောင်း စစ်ရေး အကဲခတ်များက သုံးသပ်ထားကြသည်။