ပြုံယမ်း၊အောက်တိုဘာ ၁၃

အမေရိကန်၏ ရန်လိုသောမူဝါဒများကို တုံ့ပြန်နိုင်ရန် “အညံ့မခံ အရှုံးမပေးသည့်စစ်ရေး” တည်ဆောက်သွားရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ကတိပြုပြောကြားခဲ့ကြောင်း ၎င်းအစိုးရပိုင် မီဒီယာ၏ သတင်းဖော်ပြချက်ကို ကိုးကားလျက် ဘီဘီစီ အင်္ဂလိပ်ပိုင်းတွင် ရေးသားထားသည်။

လက်နက်များ တိုးချဲ့ခြင်းသည် မိမိကိုယ်ကို ကာကွယ်ရေးအတွက်သာဖြစ်ပြီး စစ်ပွဲတစ်ရပ် စတင်ရန်မဟုတ်ကြောင်း ကင်မ်ဂျုံအန်းက ဆက်လက်ပြောကြားခဲ့သည်။

ရှားရှားပါးပါး ကျင်းပသည့် ကာကွယ်ရေးစွမ်းရည်ပြပွဲတွင် မစ္စတာကင်မ်က ယင်းကဲ့သို့ မှတ်ချက်ချခဲ့ခြင်းဖြစ်ပြီး ပြပွဲတွင် ဒုံးကျည်မျိုးစုံကို ခင်းကျင်းပြသထားခဲ့သည်။

မြောက်ကိုရီးယားသည် အသံထက်မြန်သော လေယာဉ်ဖျက် ဒုံးကျည်အသစ်များဟု ယူဆရသော လက်နက်ကို မကြာသေးမီ က စမ်းသပ်ခဲ့သည်။

အလားတူ တောင်ကိုရီးယားကလည်း မကြာသေးမီကပင် ၎င်း၏ ကိုယ်ပိုင်ရေငုပ်သင်္ဘောမှ လက်နက်အသစ်ကို စမ်းသပ်ပြ ခဲ့သည်။

‘မိမိကိုယ်ကို ကာကွယ်ရေး ၂၀၂၁’ ဟု ခေါင်းစဉ်တပ်ထားသော ပြုံယမ်းမြို့တော်တွင် ကျင်းပသည့် ကာကွယ်ရေးစွမ်းရည်ပြပွဲ မိန့်ခွန်း၌ ကင်မ်က တောင်ဘက်စစ်ရေး တည်ဆောက်မှုများကို ထောက်ပြပြောကြားခဲ့ပြီး မြောက်ကိုရီးယားအနေဖြင့် အိမ်နီးချင်းအား တိုက်ခိုက်လိုခြင်းမရှိကြောင်း အသိပေးခဲ့သည်။

“ကျနော်တို့က ဘယ်သူနဲ့မှ စစ်အကြောင်း မဆွေးနွေးဘူး။ ဒါပေမယ့် စစ်ပွဲမဖြစ်အောင် တားဆီးဖို့နဲ့ ကိုယ့်နိုင်ငံရဲ့ အချုပ် အခြာအာဏာကို ကာကွယ်ဖို့ အဟန့် အတားတော့ လုပ်ရမှာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

 

တင့်ကားများ အပါအဝင် စစ်လက်နက်ပေါင်းစုံ ဝန်းရံလျက် မိန့်ခွန်းပြောကြားနေသည့် ကင်မ်က ‘မြောက်နှင့်တောင်’ ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုများ ဖြစ်ပေါ်စေသည့်အတွက် အမေရိကန်ကို စွပ်စွဲအပြစ်တင်ခဲ့သည်။

မြောက်ကိုရီးယားအပေါ် အမေရိကန်ရန်လိုခြင်းမရှိဟု ယုံကြည်ရန်အခြေခံသည့် အပြုအမူမျိုး မတွေ့ရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်ထက်တွင် ဝါရှင်တန်အနေဖြင့် မြောက်ကိုရီးယားနှင့်ဆွေးနွေးလိုကြောင်း အကြိမ်ကြိမ် ပြောကြားနေခဲ့သော် လည်း ပြုံယမ်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ မဖြေလျှော့မီ နျူးကလီးယားလက်နက်များ စွန့်လွှတ်ရန် တောင်းဆိုနေခြင်းကြောင့် ဝါရှင်တန်၏ ကမ်းလှမ်းချက်မှာ အငြင်းပယ်ခံနေရဆဲဖြစ်သည်။