CNI International News

မက္ကစီကို၊ အောက်တိုဘာ ၁၃

မက္ကစီကိုနိုင်ငံ၏ မြို့တော်ရှိ ခရစ္စတိုဖာကိုလံဘတ်အထိမ်းအမှတ်ရုပ်တုနေရာတွင် ဒေသခံ တိုင်းရင်းသူ အမျိုးသမီးတစ်ဦး၏ရုပ်တုဖြင့် အစားထိုးမည်ဟု မြို့တော်အုပ်ချုပ်ရေးမှူးက အတည်ပြုခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ကိုလံဘတ်၏ရုပ်တုကို ဒေသခံတိုင်းရင်းသားအခွင့်အရေးလှုပ်ရှားသူများက ယမန်နှစ်က ဖြိုဖျက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ၎င်းရုပ်တုမှာ အဖယ်ရှားခံခဲ့ရသည်။

အမာဂျက်လုံမပျို (Amajac of Young Woman) ဟု အမည်ရသော ရုပ်တုဖြင့် ယခင်ကိုလံဘတ်ရုပ်တုကို အစားထိုးမည်ဖြစ်ကြောင်း အဆိုပါ လုံမပျိုရုပ်တုသည် ကိုလံဘတ်ခေတ်မတိုင်မီက မူရင်းတိုင်းရင်းသူ ရိုးရာရုပ်တု ဖြစ်ကြောင်း မက္ကစီကိုမြို့တော်အုပ်ချုပ်ရေးမှူး ကလေဒီယာရှိန်းဘန်းက ပြောကြားခဲ့သည်။
ယမန်နှစ်က ဆန္ဒပြသူများသည် လက်တင်အမေရိကနှင့် အမေရိကန်ပြည်တွင်းရှိ ကိုလံဘတ်ရုပ်တုများကို လိုက်လံဖြိုလဲခဲ့ကြသည်။

၁၅ ရာစုနှောင်းပိုင်းက သမုဒ္ဒရာစူးစမ်းရှာဖွေရေးခရီးထွက်၍ ရွက်လွှင့်ခဲ့ပြီး စပိန်ထီးနန်းကို ပံ့ပိုးခဲ့သည့် အီတလီ နွယ်ဖွား ခရစ္စတိုဖာကိုလံဘတ်ကို ယနေ့ကာလ၌ လူထုအား ဖိနှိပ်မှုနှင့် ကိုလိုနီနယ်ချဲ့သင်္ကေတအဖြစ် မြောက် အမေရိကတိုက်ဌာနေတိုင်းရင်းသားလူမျိုးစုအကြား ရှုမြင်လာကြသည်။

ပုံစာ(၂)- အစားထိုးခံရမည့် ကိုလံဘတ်ရုပ်တု(ဓါတ်ပုံ -AFP)

ယခု မက္ကစီကိုမြို့တော်အုပ်ချုပ်ရေးမှူး၏ နောက်ဆုံးကြေညာချက်သည် ကိုလံဘတ် အမေရိကတိုက်ကို ရှာဖွေတွေ့ရှိသော နှစ်ပတ်လည်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။

အမေရိကန်နိုင်ငံတွင် ကိုလံဘတ်အထိမ်းအမှတ်နေ့အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလေ့ရှိသော်လည်း ယင်းနေ့ကို မက္ကစီကိုနိုင်ငံနှင့် အခြားလက်တင်အမေရိကနိုင်ငံများတွင် စပိန်လူမျိုးများနေ့ဟုသာ ခေါ်ကြပြီး ဥရောပအောင်ပွဲခံမှုအပေါ် ဆန့်ကျင်ရေးအတွက် ဇာတိမာန်ခုခံရမည့်အထိမ်းအမှတ်အဖြစ် ယူဆကြသည်။

ယခုထပ်မံအစားထိုးမည့်ရုပ်တုသည် အမေရိကတိုက်ဒေသခံတိုင်းရင်းသူများကို ဥရောပနွယ်ဖွားများက ဖိနှိပ် ညှင်းပန်းခဲ့ခြင်းအထိမ်းအမှတ်အဖြစ် ယခင်ကိုလံဘတ်ရုပ်တုထက် ၃ ဆပိုမြင့်သောရုပ်တုအဖြစ် စိုက်ထူ သွားမည်ဟု မက္ကစီကိုမြို့တော်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားခဲ့သည်။

အလားတူ မက္ကစီကိုမြို့တော်၏ အခြားနေရာရှိ ပန်းခြံတစ်ခု၌ ထားရှိခဲ့သည့် ခရစ္စတိုဖာကိုလံဘတ်ရုပ်တုကိုလည်း ထပ်မံဖယ်ရှားမည်ဟု သိရသည်။