CNI International News
မီဇိုရမ်၊အောက်တိုဘာ ၁၂
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ စငေါင် (Sangau)ခရိုင်အတွင်းရှိ Civil Sub-Division က သုံးဘီးအငှားယာဉ် မောင်းများသည် ၎င်းတို့၏ တစ်နေ့တာရရှိလာသော လုပ်အားခဝင်ငွေများကို မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ထွက်ပြေး၍ တိုက်ပွဲရှောင်နေကြ သူများအား လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
စငေါင် (Sangau )သုံးဘီးကားအသင်းမှ ကြီးမှူးစီစဉ်ပြီး အောက်တိုဘာ ၁၁ ရက် မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သုံးဘီး ၁၅ စီး ပြေးဆွဲ၍ ရလာသော ငွေများကို လှူဒါန်းမည်ဟု ဒေသတွင်းသတင်းဌာန တစ်ခုဖြစ်သည့် Chhimthli နေ့စဉ် သတင်း စာတွင် ဖော်ပြထားသည်။
ရရှိလာသော အလှူငွေများကို အမှန်တကယ် အကူအညီလိုအပ်သူများထံ ရောက်ရှိနိုင်ရေးအတွက် တိုက်ပွဲရှောင်များ နေထိုင် ရာသို့ အသင်းမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစိစစ်ကာ ကူညီပေးသွားမည်ဖြစ်သည်။ ရရှိထားသည့် ငွေပမာဏကို တော့ မသိရှိရသေးပေ။
မြန်မာနိုင်ငံမှ တိုက်ပွဲရှောင်များ အနေဖြင့် Civil Sub-Division က သုံးဘီးအငှားယာဉ်များအား အသုံးပြုလျှင် ကျသင့်ငွေ၏ ၅၀ ရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဟု ယင်းသတင်းစာတွင် ဖော်ပြထားသည်။
မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံမှ တိုက်ပွဲရှောင်များ နေ့စဉ်ဝင်ရောက် ခိုလှုံလျက်ရှိရာ ဗဟိုအစိုးရထံမှ အကူအညီများ မရရှိ သေးကြောင်း အကူအညီပေးရေး အဖွဲ့အစည်းများထံမှ သိရသည်။
မီဇိုရမ်ရှိ နိုင်ငံရေးပါတီများ၊ ဘာသာရေး၊ လူမှုရေး၊ ကျောင်းသားများ၊ အနုပညာရှင်အဖွဲ့များနှင့် တစ်ယောက်ချင်း အလှူရှင် များကလည်း တစ်နိုင်တစ်ပိုင် ရံပုံငွေများ ရှာဖွေကာ မြန်မာတိုက်ပွဲရှောင်များအား ကူညီလျက်ရှိသည်။
မီဇိုရမ်ပြည်နယ်သို့ မြန်မာတိုက်ပွဲရှောင် ၁၀၀၀၀ ကျော်ရောက်ရှိနေပြီး ထိုအထဲမှာ ကလေးငယ် ၃၀၀ ကျော်ပါကြောင်း သိရသည်။အဆိုပါတိုက်ပွဲရှောင်များသည် ချင်းပြည်နယ်မှ အများဆုံးဖြစ်သည်။
လက်ရှိတွင် ချင်းပြည်နယ်ရှိ ဟားခါး၊ ထန်တလန်၊ မတူပီ၊ တီးတိန်၊ မင်းတပ် စသည့် မြို့နယ်များအတွင်းမှာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။