၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၂
တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ၏ စတုတ္တအကြိမ်မြောက် ညီလာခံ (ဒုတိယပိုင်း) ကျင်းပနိုင်ရေးအတွက် ညီလာခံကြိုတင်ပြင်ဆင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းသွားမည်ဟု NCA-S EAO များ၏ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောသည်။
NCA ထိုးထားသည့် လက်နက်ကိုင် အဖွဲ့စည်များးဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး (၂၀/၂၀၂၁)ကို အောက်တိုဘာ ၁၂ ရက်တွင် ကျင်းပခဲ့ရာ ဦးဆောင်မှုအလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက အဖွင့်မိန့်ခွန်းပြောစဉ် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။
နိုင်အောင်မင်းက “ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ ရည်မှန်းထားတဲ့ NCA-S EAO တို့ရဲ့ စတုတ္ထအကြိမ်မြောက် ညီလာခံ (ဒုတိယပိုင်း) ကိစ္စကိုလည်း ဒီအစည်းအဝေးမှာ ဆွေးနွေးပြီး ညီလာခံ ကြိုတင် ပြင်ဆင်ရေးကော်မတီ တစ်ရပ်ကို ဖွဲ့စည်း သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ထို့နောက် မိမိတို့သည် NCA စာချုပ် အနှစ်သာရများကို အခြေခံပြီး လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် PPST ၏ နိုင်ငံရေးရည်မှန်းချက် (၇)ရပ်နှင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၎င်းက ဆိုသည်။
အပစ်ရပ် (၁၀)ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံ(ပထမပိုင်း) အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ကြပြီး PPST စုဖွဲ့မှု ကိစ္စရပ်များ၊ PPST ကနေ KNU မှ အဖွဲ့ဝင်အဖြစ် နှုတ်ထွက်စာတင်ထားသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ပုံ- PPST အစည်းအဝေး ကျင်းပနေစဉ်။(NCA-S EAO/fb)
ထို့နောက် ယခင်က PPST အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအစား ၂၀၁၉ ခုနှစ်၊ မတ်လတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်အား PPST ၏ ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခိုင်းခဲ့ပြီး အပစ်ရပ်(၁၀)၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံ(ဒုတိယ)ပိုင်းအား ၂၀၂၀ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ကျင်းပရန် စီစဉ်ခဲ့ကြ သည်။
သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းများကြောင့် ယနေ့ အချိန်ထိ အပစ်ရပ်(၁၀)ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံ(ဒုတိယပိုင်း)ကို မကျင်းပနိုင်သေးဘဲ ဖြစ်သည်။
လက်ရှိမှာတော့ PPST အဖွဲ့ဝင်များက ယခုနှစ်မကုန်ခင် စတုတ္တအကြိမ်မြောက် ညီလာခံ(ဒုတိယပိုင်း)ကို ကျင်းပနိုင်ရေး အတွက် ယနေ့ (အောက်တိုဘာ ၁၂ ရက်)တွင် ကျင်းပသည့် PPST အစည်းအဝေးမှာ ညီလာခံကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင်ရေးကော်မတီဖွဲ့စည်းသွားမည်ဟု ဆိုသည်။
NCA စာချုပ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရခိုင်ပြည် နယ်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ လက်မှတ်ထိုးထားသည်။