CNI International News

ဘဂ္ဂဒက်၊ မေလ ၁၃

အီရတ်နိုင်ငံ၏ သြဇာကြီးမားသည့် ရှီးယိုက်မွတ်ဆလင် (Shi'ite Muslim) ဘာသာရေးခေါင်းဆောင် မွတ်တာဒါ အယ်ဆားဒါး (Moqtada al-Sadr) သည် ၂၀၂၅ ခုနှစ်တွင် ပြုလုပ်ဖွယ်ရှိသည့် လွှတ်တော်ရွေးကောက်ပွဲ၌  ဝင်ရောက် ယှဉ်ပြိုင်ဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အယ်ဆာဒါးသည် နိုင်ငံရေးလောကမှ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် နိုင်ငံရေး လောကသို့ ပြန်လည်ခြေချရန် ပြင်ဆင်နေသဖြင့် ၎င်း၏ ပြိုင်ဘက်ဖြစ်သည့် အခြား ရှီးယိုက်ပါတီများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကာ အီရတ်၏ တည်ငြိမ်မှုကို လျော့ပါးစေနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ အီရတ်၏ လူများစုဖြစ်သည့် ရှီးယိုက်မွတ်ဆလင် ပြည်သူများအကြား နိုင်ငံရေးလောကသို့ တစ်ကျော့ပြန် ဝင်ရောက်မည့် အယ်ဆာဒါးကို ကြိုဆိုဖွယ်ရှိနေပြီး ဘာသာတရား ကိုင်းရှိုင်းပြီး ဆင်းရဲသည့် ၎င်း၏ နောက်လိုက် အများအပြားက ၎င်းကို ဆင်းရဲသား နင်းပြားများဘက်မှ ရပ်တည်ကာကွယ်သူအဖြစ် ရှုမြင်ထား ကြသည်။

အယ်ဆာဒါးကို ထောက်ခံကြသူများကို တွေ့ရစဉ်

ရိုက်တာတင်းဌာနသည် အယ်ဆာဒါး၏ နိုင်ငံရေးပါတီအတွင်းမှ ရှီးယိုက်နိုင်ငံရေးသမားများ၊ ပြိုင်ဘက်အဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များ၊ အစိုးရအရာရှိများနှင့် လေ့လာစောင့်ကြည်သူများကို ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်။

"အခုအချိန်ဟာ Sadrist movement (အယ်ဆာဒါး၏ နိုင်ငံရေးပါတီ) ဟာ အရင်အချိန်တွေကထက် ပိုမိုခိုင်မာတဲ့ အစီအစဉ်တွေနဲ့အတူ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့နေရာတွေကို အနိုင်ယူနိုင်ပါလိမ့်မယ်" ဟု အမည်မဖော်လိုသည့်  Sadristmovement ပါတီ၏ လွှတ်တော်အမတ်ဟောင်းတစ်ဦးက ပြောကြားခဲ့သည်။

အယ်ဆာဒါးသည် ၂၀၂၁ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ၎င်း၏ လွှတ်တော်အမတ်များ ကို နုတ်ထွက်ရန် အမိန့်ပေးခဲ့သည်။

ထိုအချိန်က ပြိုင်ဘက် ရှီးယိုက်ပါတီများက ကာ့ဒ် (Kurdish) နှင့် ဆွန်နီ မွတ်ဆလင် (Sunni Muslim) ပါတီများ နှင့်အတူ အစိုးရဖွဲ့မည့် ၎င်း၏ အားထုတ်ကြိုးပမ်းမှုကို တားမြစ်ခဲ့ပြီးနောက် နိုင်ငံရေးလောကမှ ၅ နှစ်ကြာ နုတ်ထွက်မည်ဟု ကြေညာခဲ့သည်။

အယ်ဆာဒါးကို ထောက်ခံကြသူများကို တွေ့ရစဉ်

၂၀၀၃ ခုနှစ်က အီရတ်ကို အမေရိကန်ဦးဆောင်သည့်  ကျူးကျော်ဝင်ရောက်မှု ဖြစ်ပွားခဲ့ချိန်ကတည်းက လူသိများထင်ရှားသည့် အမျိုးသားရေးဝါဒီ အယ်ဆာဒါးသည် အီရတ်အပေါ် အီရန်နှင့် အမေရိကန်တို့၏ ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်မှုများ ပြုလုပ်ခဲ့သည်။

အီရန်ကမူ နိုင်ငံရေးလောကအတွင်း အယ်ဆာဒါး၏ ပါဝင်မှုသည် အီရတ်၏ ရှီးယိုက်ကြီးစိုးသည့် နိုင်ငံရေးစနစ်ကို ရေရှည်ထိန်းသိမ်းရန် အရေးကြီးကြောင်း ရှုမြင်ထားသည်။

၂၀၀၄ ခုနှစ်က အမေရိကန်ကို စစ်ကြေညာပြီး တိုက်ခိုက်ခဲ့သည့် အယ်ဆာဒါးသည် အီရတ်၏ ကျိုးပျက်လွယ်သည့်  တည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် အမေရိကန်က ရှုမြင်ထားသော်လည်း အယ်ဆာဒါးသည် အီရန်၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန် လိုအပ်သည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးအဖြစ် ရှုမြင်ထားသည်။

Source: ရိုက်တာ