ကွန်းစဗက်(နော်ဝေ)၊ အောက်တိုဘာ ၁၄

နော်ဝေနိုင်ငံတွင် အမျိုးသားတစ်ဦးက လေးနှင့်မြှားသုံး၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိသွား ခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းက အောက်တိုဘာ ၁၄ ရက်တွင် ဖော်ပြသည်။

မြို့တော်အော်စလို၏ အနောက်တောင်ဘက်ရှိ ကွန်းစဗက်မြို့၌ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားနေကြောင်း ရဲတပ်ဖွဲ့က ဒေသ စံတော်ချိန် ညနေ ၆ နာရီ ၁၃ မိနစ် (ဂရင်းနစ်စံတော်ချိန် ၄ နာရီ ၁၃ မိနစ်) ပထမသတင်းပေး တိုင်ကြားမှု ရရှိခဲ့သည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့် အသက် ၃၇ နှစ်အရွယ် ဒိန်းမတ်လူမျိုးတစ်ဦးကို သံသယဖြင့် ဖမ်းဆီးထားသည်။

တိုက်ခိုက်မှုကို ၎င်းတစ်ဦးတည်း ကျူးလွန်သည်ဟု ရဲက ယုံကြည်ထားပြီး အကြမ်းဖက်လုပ်ရပ် ဟုတ်/မဟုတ် ဆက်လက် စုံစမ်းစစ်ဆေးသွားမည်ဟု နော်ဝေရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တုန်လှုပ်မိကြောင်း နော်ဝေဝန်ကြီးချုပ် အာနာဆော်လ်ဘတ်က မှတ်ချက်ချသည်။

“လူတွေအများကြီး ကြောက်စိတ်ဝင်နေမယ်ဆိုတာ ကျနော် နားလည်ပါတယ်။ ဒါပေမယ့် ရဲက ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ ဒီကိစ္စကို အလေးအနက်ထားဖို့ အရေးကြီးပါတယ်” ဟု ဝန်ကြီးချုပ်က ရုံးမဆင်းခင် နာရီပိုင်းအလို၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

အခင်းဖြစ်ပွားစဉ်မှာ တိုက်ခိုက်သူသည် လေးနှင့်မြှားတို့ကို ကိုင်ဆောင်လျက် ကွန်းစဗက်မြို့၏ အနောက်ဘက်ရှိ ကုတ်အိတ် စထရာ (Coop Extra) စူပါမားကက်တစ်ခုအတွင်း တိုက်ခိုက်မှု စတင်ကျူးလွန်ခဲ့ကြောင်း ဆိုသည်။ ထိုတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ အခင်းဖြစ်ပွားစဉ် ဆိုင်အတွင်းရှိနေသော တာဝန်ချိန်ပြင်ပ ရဲအရာရှိတစ်ဦးဖြစ်သည်။

 

ပုံ-တိုက်ခိုက်ခဲ့သူ သုံးသည့် မြှားကိုတွေ့ရစဉ်။

မှုခင်း ကွင်းဆက်အရ အဆိုပါ စူပါမားကက်အတွင်း သွေးထွက်သံယိုမှု ဖြစ်ပွားခဲ့ကြောင်း ဆိုင်တာဝန်ရှိသူတစ်ဦးက အတည် ပြု ပြောကြားခဲ့သည်။သို့သော် ၎င်းတို့၏ ဆိုင်ဝန်ထမ်းတစ်ဦးမှ ထိခိုက်မှုမရှိကြောင်း ဆိုသည်။

တိုက်ခိုက်မှုစတင်ပြီး ၃၄ မိနစ်အကြာတွင် ၎င်းတိုက်ခိုက်သူသည် ရဲတပ်ဖွဲ့ဝင်များနှင့် ကနဦး ထိပ်တိုက်ရင်ဆိုင်ခြင်းမှ လွတ်မြောက်သွားခဲ့ကြောင်း နယ်မြေခံရဲချုပ် ဝွိုင်ဗင်းအက်စ် (Oyvind Aas) က အတည်ပြုပြောကြားခဲ့သည်။

ရုန်းကန်သံတစ်ခုကို ကြားလိုက်ပြီးနောက် ဆိုင်၏ထောင့်တွင် ရပ်နေသော လေးနှင့်မြှားကို ပခုံးပေါ်တင်ထားသူ တစ်ဦးအား မိမိမြင်ခဲ့ရကြောင်း မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက ဒေသတွင်း မီဒီယာတစ်ခုဖြစ်သည့် TV2 ရုပ်သံလိုင်းသို့ ရှင်းပြ သည်။

“နောက်တော့ ဆိုင်ထဲက လူတွေ အသက်လုပြေးနေကြတာ ကျမ မြင်ခဲ့ရပါတယ်။ ပြေးတဲ့အထဲက တစ်ယောက်က အမျိုး သမီး တစ်ဦးဖြစ်ပြီး သူက ကလေးတစ်ယောက်ကို ချီထားပါတယ်” ဟု အဆိုပါမျက်မြင်သက်သေက ဆက်လက် ပြောကြား ခဲ့သည်။

တိုက်ခိုက်သူသည် အခင်းဖြစ်စဉ်အတွင်း လေးနှင့်မြှားအပြင် အခြားလက်နက်များကိုပါ သုံးခဲ့သေးကြောင်း ရဲများက နော်ဝေ သတင်းဌာနတစ်ခုဖြစ်သည့် NTB သို့ ပြောကြားခဲ့သည်။

အဓိက သံသယတရားခံကို အခြားနေရာသို့ ပြောင်းရွှေ့ထားခဲ့ပြီး အာဏာပိုင်များက ကွန်းစဗက်မြို့ နေရာ အတော်များများကို ပိတ်ဆို့ထားခဲ့သည်။ သက်သေ အထောက်အထားများ စုစည်းနေချိန်တွင် မြို့ခံပြည်သူများ နေအိမ်အတွင်း၌သာ နေထိုင်ကြ ရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။