CNI News
ဝါရှင်တန် ဇူလိုင် ၁၀
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ တယ်လီဖုန်း ခေါ်၍ ရုရှားအခြေစိုက် ရာဇဝတ်မှုများ ဖြစ်သော ramsomware (ရမ်ဆမ်ဝဲ) ဟုခေါ်သည့် ကွန်ပျူတာဗိုင်းရပ်စ် တိုက်ခိုက်ခြင်းကြောင့် အမေရိကန်နှင့် အခြား ကမ္ဘာ့နိုင်ငံများ ထိခိုက်နစ်နာနေခြင်းအပေါ် ‌ ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ချက် ကိုးကားပြီး အိန္ဒိယ တူဒေးသတင်းဌာနက ယနေ့နံနက် ရေးသားဖော်ပြသည်။
ရုရှားမှနေ၍ လှုပ်ရှားနေကြသော ransomware အုပ်စုများ၏ နှောင့်ယှက်နေ မှုများကို အရေးယူဖို့ လိုအပ်နေကြောင်း ဘိုင်ဒန် က ပူတင်ထံသို့ အလေးအနက် ပြောကြားခဲ့ပြီး ransomware ကျယ်ကျယ်ပြန့်ပြန့် ခြိမ်းခြောက်လာမှု အပေါ် ပါဝင်ကိုင်တွယ် ပေးမည်ဟု ကတိပြုခဲ့သည်။
ယင်းသို့ တယ်လီဖုန်း ဆက်သွယ်နေချိန်အတွင်း ယခုစိန်ခေါ်မှု ရင်ဆိုင်နေရချိန် တွင် အမေရိကန်နိုင်ငံအနေဖြင့် ပြည်သူလူထု နှင့် အခြေခံ အဆောက်အဦများ ကာကွယ်ရန် လိုအပ်သည့် အရေးယူဆောင်ရွက်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘိုင်ဒန်က ထည့်သွင်းပြောခဲ့သည်။
ဆီးရီးယားနယ်စပ်ဖြတ်ကျော်၍ လူသားချင်းစာနာထောက်ထားမှုအကူအညီများ တစ်ညီတညွတ် သက်တမ်းတိုးရန် ယနေ့ လုံခြုံရေး ကောင်စီတွင် အမေရိကန်-ရုရှားထိပ်သီးနိုင်ငံများ ဦးဆောင်လျက် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးတွဲ လုပ် ဆောင်နေ ခြင်းကိုလည်း ခေါင်းဆောင်နှစ်ဦးတို့က ချီးကျူးထောပနာ ပြုခဲ့ ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရမ်ဆမ်ဝဲ (Ransomware) တိုက်ခိုက်မှုသည် ကုမ္ပဏီလုပ်ငန်းတစ်ခု၏ ကွန်ရက် များ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ကွန်ပျူတာ စနစ်အတွင်းသို့ ပထမဆုံးအနေ ဖြင့် ဝင်ရောက်ထိုးဖောက်ပြီး ထိန်းချုပ်ရန် ကြိုးစားခြင်းဖြစ်သည်။ ထိန်းချုပ်မှု အောင်မြင်ပါက ထိုကွန်ပျူတာစနစ်ထဲမှ အရေးကြီး အချက်အလက်များကို ဖျက်ပစ်မည်ဆို၍ ခြိမ်းခြောက်ငွေတောင်းသည့် ဆိုင်ဘာရာဇဝတ်မှုဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လအကုန်ပိုင်းက ဆွီဒင်နိုင်ငံမှ စူပါမားကက်ဆိုင်ပေါင်း ၅၀၀ ကျော်သည် ယင်းဆိုင်ဘာတိုက်ခိုက်မှုကြောင့် ပိတ်ခဲ့ရကြောင်း သိရသည်။
Source: India Today