CNI News
၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၉
နိုင်ငံခြားသံရုံးများမှ သံတမန်အချို့နှင့် ကုလသမဂ္ဂရုံးများ၊ အထူးအေဂျင်စီများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ ပြည်ပနိုင်ငံများမှ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်နေပြီး အကြမ်းဖက်ဝါဒကို အားပေးရာရောက်နေသည်ကို သတိထားရန် နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာ ၉ ရက်)တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်ပ နိုင်ငံများမှ အစိုးရ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်အချို့တို့သည် တရားမဝင် အဖွဲ့အစည်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများဖြစ်ကြသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့များမှ ကိုယ်စားလှယ်များနှင့်ထိတွေ့ ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ထောက်ခံအားပေးခြင်း၊ ၎င်းတို့၏ နိုင်ငံများ၌ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်ပြုခြင်းနှင့် လွှတ်တော်များက ဆုံးဖြတ်ချက်များ ချမှတ်အတည်ပြုခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရ သည်ဟု ဆိုထားသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက “အထက်ဖော်ပြပါ အခြေအနေများနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများမှ အစိုးရတာဝန်ရှိသူများ၊ လွှတ်တော်အမတ်များအနေဖြင့် အဆိုပါ အကြမ်းဖက်အုပ်စုများနှင့် ထိတွေ့ဆက်သွယ်ခြင်းနှင့် အကြမ်းဖက်အုပ်စုများကို သက်ဆိုင်ရာ နိုင်ငံများ၌ ရုံးခန်းဖွင့်လှစ်ခွင့်ပြုခြင်းစသည့် လုပ်ရပ်များသည် အကြမ်းဖက်ဝါဒကို အားပေးရာရောက်သည့် အပြင် မြန်မာနိုင်ငံ၌ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို ထိခိုက်စေကာ အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ရာ လည်း ရောက်သည့်အချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အလေးအနက်ထား ထောက်ပြလိုတယ်”ဟု ဆိုသည်။
ထို့ပြင် အဆိုပါလုပ်ရပ်များသည် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေများနှင့် လုပ်ငန်းစဉ်များကိုလည်း ချိုးဖောက်ရာရောက်သည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ပုံ- ကယားပြည်နယ်မှာ တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲကြား ပျက်စီးသွားသော နေအိမ်တစ်လုံး (KNDF)
နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတို့ကို လျစ်လျူရှု ခြင်း မပြုကြရန်နှင့် အကြမ်းဖက်မှုများကို မြန်မာနိုင်ငံနှင့်အတူ လက်တွဲတိုက်ဖျက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေ ဖြင့် စစ်မှန်စွာ မျှော်လင့်ကြောင်း ဆိုထားသည်။
နစကသည် CRPH နှင့် NUG တို့ကို မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အစည်းဟု ကြေညာထားသလို NUG ကလည်း နစကအား မတရားအသင်း၊ အကြမ်းဖက် အဖွဲ့အစည်းဟု ထုတ်ပြန် ကြေညာထားသည်။
ထို့နောက် နစကနှင့် NUG သည် နိုင်ငံတော် အာဏာကို ရယူ၍ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး စသည့် လုပ်ငန်းများအား ဆောင်ရွက်နိုင်ရေး ကြိုးပမ်းနေကြသည်။အလားတူ နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြုမှု ရရှိရေး ကိုလည်း နှစ်ဖက်စလုံးက ကြိုးပမ်းနေကြသလို သံတမန်ရေးရာ တိုက်ပွဲကိုလည်း ဆင်နွှဲနေကြရသည်။
လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ဖေဖော်ဝါရီ ၁ ရက်နေ့က ဖြုတ်ချပြီးနောက်ပိုင်း နိုင်ငံတော်အာဏာအား ရယူကာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိသည်။
တစ်ဖက်မှာလည်း ဖြုတ်ချခံ NLD အမတ်များနှင့်ထောက်ခံသူ အများစုဖြင့် စုဖွဲ့ထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တပ်မတော်ကို ဖြုတ်ချရေးနှင့် နိုင်ငံတော်အာဏာကို ပြန်လည်ရယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသည်။