ဗီယင်နာ၊အောက်တိုဘာ ၁၀

ဥရောပအလယ်ပိုင်းရှိ ဩစတြီးယားနိုင်ငံ၏ ဝန်ကြီးချုပ် (အဓိပတိ) ဆီဘာရှန်ကာ့ဇ်သည် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ကြောင့် ဖိအားပေးခံရပြီးနောက် ရာထူးမှ နှုတ်ထွက်ခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းတစ်ပုဒ်၌ အောက်တိုဘာ ၁၀ ရက် (ယနေ့) ရေးသားဖော်ပြသည်။

၎င်း၏ ရာထူးနေရာကို လက်ရှိနိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒားရှက်ချယ်လန်ဘက်ကို အစားထိုးရန်လည်း ဆီဘာရှန်ကာ့ဇ် က အဆိုပြုခဲ့သည်။

ဆီဘာရှန်ကာ့ဇ်နှင့် အခြား ၉ ဦးတို့သည် ၎င်းတို့၏ ကွန်ဆာဗေးတစ် ÖVP ပြည်သူ့ပါတီနှင့်ဆက်စပ်သော နေရာအတော်များများ၌ စီးနင်းခံရပြီးနောက် စုံစမ်းစစ်ဆေးမှုကိုပါ တဆက်တည်းခံယူခဲ့ရသည်။

နိုင်ငံအတွင်း ထုတ်ဝေသည့် လူပြိန်းကြိုက်သတင်းစာတစ်စောင်တွင် ဆီဘာရှန်ကာ့ဇ်အနေဖြင့် အစိုးရငွေများသုံးခဲ့သည်ဟု စွပ်စွဲရေးသားချက်များကို ၎င်းက အတိအလင်းငြင်းဆိုခဲ့သည်။

ယခုသီတင်းပတ်အတွင်း အဆိုပါစွပ်စွဲချက်များသည် ဆီဘာရှန်ကော့ဇ်၏ညွန့်ပေါင်းအစိုးရ ပြိုကွဲလုနီး ဂယက်ရိုက်ခတ်ခဲ့ပြီး ဆီဘာရှန်ကာ့ဇ်အနေဖြင့် ဝန်ကြီးချုပ်(အဓိပတိ)ရာထူးနှင့် မအပ်စပ်တော့ကြောင်း အတိုက်အခံပါတီဖြစ်သော ဂရင်းစ်ပါတီက တွန်းအားပေးလာခဲ့သည်။

အဆိုပါ ဂရင်းစ်ပါတီသည် လာမည့်သီတင်းပတ်တွင် ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိကြောင်း လွှတ်တော်တွင်း အဆို တင်သွင်း၍ မဲခွဲဆုံးဖြတ်ရန် ခြိမ်းခြောက်လာခဲ့ပြီး အခြားအတိုက်အခံ ပါတီများနှင့်လည်း စတင်ဆွေးနွေးလာခဲ့သည်။

ဂရင်းစ်ပါတီခေါင်းဆောင်နှင့် လက်ရှိဒုတိယဝန်ကြီးချုပ် ဝါနာကိုဂလာက မစ္စတာကာ့ဇ်၏ နှုတ်ထွက်လွှာကို ကြိုဆိုခဲ့ပြီး ၎င်းတို့ပါတီနှစ်ရပ်အကြား အပြုသဘောဆောင်သည့် ဆက်ဆံရေးရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“အခုလိုနေတာက တည်ငြိမ်မှုတစ်ခု လိုနေတာပါ။ မတည်မငြိမ်ဖြစ်တာကို ဖြေရှင်းဖို့၊ လှုပ်လှုပ်ခတ်ခတ်အနေအထားကို ကာကွယ်ဖို့ ကျနော် နေရာဖယ်ပေးချင်တာဖြစ်ပါတယ်” ဟု ၎င်းနှုတ်ထွက်ကြောင်း ကြေညာစဉ် မစ္စတာကာ့ဇ်က ပြောကြား ခဲ့သည်။

သို့သော် ၎င်းသည် ÖVP ပြည်သူ့ပါတီခေါင်းဆောင်အဖြစ် ဆက်ရှိနေပြီး လွှတ်တော်ထဲ ဆက်လက်ထိုင်နေဦးမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။