၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၀

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီ အချို့သည် အောက်တိုဘာ ၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးလုပ်ငန်း အပါအဝင် PR စနစ် ကျင့်သုံးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

အချိုးကျ ကိုယ်စားပြုသည့် ရွေးကောက်ပွဲစနစ် (Proportional Representation - PR) စနစ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းမထားသည့်အတွက် မည်ကဲ့သို့ ကျော်လွှား လုပ်ဆောင်နိုင်မလဲဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ကိုယ်စားပြု တက်ရောက်ခဲ့သည့် ဘဏ္ဍာရေးမှူး ဒေါက်တာစိုင်းကျော်အုန်းက မေးခွန်းထုတ်ခဲ့ကြောင်း သိရ သည်။

ထိုသို့မေးခွန်းခဲ့ထုတ်မှုအား NSPNC မှ ကိုယ်စားလှယ်တစ်ဉီးက ဖြစ်နိုင်မည့် နည်းလမ်းကို ရှာဖွေလုပ်ဆောင်သွားမည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောသည်။

SNDP ပါတီမှ ဒေါက်တာစိုင်းကျော်အုန်း “သူတို့ကတော့ နည်းလမ်းရှာဖွေပြီးတော့ လုပ်ဆောင်သွားမှာပေါ့။ ဖြစ်နိုင်မယ့် နည်းလမ်းပေါ့ အဲ့လိုပဲ ပြောသွားတယ်။ တကယ်ဆို ဥပ‌ဒေက ဘယ်လိုလုပ်မလဲ။ သူတို့က ဒီလိုပဲဖြေတယ် ရနိုင်မယ့် နည်းလမ်းကို ရှာဖွေပြီးတော့ လုပ်ဆောင်သွားမယ်။ ဒါက ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ပေါ့။ တကယ်ဆို အဲ့ဒါက ရွေး‌ကောက်ပွဲကော်မရှင်နဲ့ပဲဆိုင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသည့် စနစ်မှာ မဲအများဆုံးရသည့် ကိုယ်စားလှယ် အနိုင်ရစနစ် (FPTP)ဖြစ်သည်။ အဆိုပါ FPTP စနစ်သည် မဲဆန္ဒနယ်တစ်ခုတွင် လူထု၏ မဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းက လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် စနစ်ဖြစ်သည်။

 

ပုံ- NSPNC နှင့် နိုင်ငံရေးပါတီ ၁၈ ပါတီတို့ ၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၉ ရက် တွေ့ဆုံဆွေးနွေးကြစဉ် ။ (U Shwe Min-fb)

ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)နှင့် နိုင်ငံရေးပါတီတချို့မှ ကျင့်သုံးနိုင်ရေး ကြိုးပမ်းနေသည့် PR စနစ်သည် နိုင်ငံရေးပါတီများ၏ အနိုင်ရရှိမှု ရာခိုင်နှုန်းပေါ်မူတည်ကာ လွှတ်တော်တွင်း ကိုယ်စားလှယ် ရရှိမည့် စနစ်ဖြစ်သည်။

ဆွေးနွေးပွဲ မတက်ရောက်ဖြစ်ခဲ့သည့် ရခိုင်အမျိုးသားပါတီ(ANP)မှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင် ကျော်က ရွေးကောက်ပွဲစနစ်တစ်ခု ပြောင်းလဲခြင်းသည် ရွေးကောက်ပွဲကော်မရှင်၏ စီမံဆောင်ရွက်မှုနှင့်သာ သက်ဆိုင် ကြောင်း၊ ဥပဒေပြုခွင့်ရှိသည်မှာ လွှတ်တော်သာဖြစ်ကြောင်း ဆိုသည်။

၎င်းက “ဒါပေမယ့် ရွေးကောက်ပွဲကော်မရှင် ဥပဒေမှာကတော့ ဘယ်လိုထည့်သွင်းမလဲ။ အဲ့လို ဥပဒေပိုင်းနဲ့ ပတ်သက် လာရင်ကတော့ ကျနော်တို့က ဥပဒေကိုပြုခွင့်ရှိတဲ့ အဖွဲ့အစည်းက လွှတ်တော်ပဲ။ အဲတော့ အုပ်ချုပ်ရေးအာဏာက အစိုးရ က ကျင့်သုံးတယ်။ တရားစီရင်ရေး အာဏာက တရားရေး အဖွဲ့အစည်းတွေနဲ့ တရားလွှတ်တော်တွေက ကျင့်သုံးတယ်။ ဥပဒေတစ်ခုကို ပြဋ္ဌာန်းမယ် ပြည်သူလူထု အကျိုးအတွက်ဆိုရင်ကတော့ လွှတ်တော်ကပဲ ပြဋ္ဌာန်းပိုင်ခွင့်၊ ဥပဒေပြုခွင့် အာဏာရှိတယ်။ အဲတော့ ဒီကိစ္စ စနစ်တစ်ခုကို ပြုပြင်ပြောင်းလဲပြီးတော့မှ ဥပဒေနဲ့အညီလုပ်မယ် ဥပဒေပြဋ္ဌာန်း မယ်ဆိုရင် ကတော့ ဒါလွှတ်တော်မရှိတဲ့အတွက် အခက်အခဲရှိနိုင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် (Proportional Representation - PR)အား ကျင့်သုံးမည်ဆို လျှင် ပြည်နယ်များ၌ ထူးခြားမှုမရှိဘဲ ပြည်ထောင်စုအနေ ဖြင့်သာ အကျိုးခံစားခွင့် သက်ရောက်မှုရှိနိုင်သည့်အတွက် တိုင်းရင်းသားများအတွက် နစ်နာနိုင်သည်ဟု တိုင်းရင်းသားပါတီများက သုံးသပ်ကြသည်။

PR စနစ်သည် အားသာချက် အားနည်းချက် ယှဉ်တွဲနေသော်လည်း မိမိတို့ပါတီအနေဖြင့် ကြိုဆိုကြောင်း SNDP-ကျားဖြူ ပါတီမှ ဒေါက်တာစိုင်းကျော်အုန်းက CNI သတင်းဌာနသို့ ပြောသည်။

အောက်တိုဘာ ၉ ရက်နေ့က NSPNC နှင့် တွေ့ဆုံမှုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အပါအဝင် နိုင်ငံရေးပါတီ ၁၈ ပါတီ တက်ရောက်ကြပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD-ကျားခေါင်း)၊ ရခိုင်အမျိုးသား ပါတီ(ANP)၊ ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီတို့ တက်ရောက်ခြင်း မရှိပေ။