ဂျေရုဆလင်၊အောက်တိုဘာ ၉

ဂျေရုဆလင်မြို့၊ အယ်ကွာစာဗလီဝင်းအတွင်းမှာ ဂျူးများကို ဝတ်ပြုဆုတောင်းမှု တားမြစ်ထားချက်ကို ပယ်ဖျက်ရန် အောက်တိုဘာ ၇ ရက်၌ အစ္စ္စရေးအောက်တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် ပါလက်စတိုင်းများနှင့် မွတ်စလင်ကမ္ဘာအကြား ဒေါသအမျက်ထွက်စေခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုနေရာတွင် ပြီးခဲ့သည့်လက ဝတ်ပြုဆုတောင်းခဲ့သူ အစ္စရေးဘာသာရေးဆရာ အာယက်လစ်ပိုကို ရိုက်နှက်ခဲ့ကြပြီး နှစ်ပတ် ကြာ လာရောက်ဝတ်ပြုခွင့်ကို ပိတ်ပင်ခဲ့သော်လည်း ဂျေရုဆလင်တရားရုံးက ယင်းသို့ပိတ်ပင်မှုကို ပယ်ချခဲ့သည်။ လစ်ပို အနေဖြင့် တိုးတိုးညင်သာစွာ ဆုတောင်းခြင်းသည် တားမြစ်ချက်ကို ချိုးဖောက်ရာ မရောက်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ သည်။

အဆိုပါ ဗလီဝင်းအတွင်းသို့ ဂျူးများကို ဝင်ရောက်ကြည့်ရှုခွင့် ပေးထားသော်လည်း ဆုတောင်းခြင်း (သို့မဟုတ်) ဓလေ့ထုံးစံ အရ ဝတ်ပြုခြင်း မပြုရပေ။

အစ္စရေးတရားရုံး၏ အောက်တိုဘာ ၇ ရက်က ဆုံးဖြတ်ချက်ကို ပါလက်စတိုင်းလူမျိုးများ ရှုတ်ချခဲ့ကြပြီး ၎င်းတို့ အစ္စလာမ် ဘာသာ၏ တတိယအမြင့်မြတ်ဆုံး အယ်လ်ကွာစာဗလီသည် မွတ်စလင်များသာ ကိုးကွယ်ဝတ်ပြုရန်ဖြစ်ကြောင်း ဆိုကြ သည်။ သို့သော် ဂျူးများက ယင်းဗလီ၏ အနောက်ဘက်တံတိုင်းတွင် ဝတ်ပြုဆုတောင်းလေ့ ရှိကြသည်။

ပုံ-အယ်လ်ကွာစာဗလီလုံခြုံရေး ဆောင်ရွက်နေသည့် အစ္စရေးလုံခြုံရေးအဖွဲ့ကိုတွေ့ရစဉ်။(AP)

အစ္စရေးရဲတပ်ဖွဲ့ကလည်း အောက်တိုဘာ ၅ ရက်က အောက်တရားရုံးကို အယူခံဝင်ခဲ့သေးသည်။ထိုတားမြစ်ချက်ကို ချိုးဖောက်ခွင့်ရှိကြောင်း ဂျေရုဆလင်ခရိုင်တရားရုံးမှ တရားသူကြီး အာယက်ရိုမန်နော့ဖ်ကလည်း ထောက်ခံခဲ့သည်။

“အာယက်လစ်ပို ဆုတောင်းတာကို သတိပြုမိတဲ့သူ တစ်ယောက်ယောက် ရှိတယ်ဆိုတဲ့အချက်ဟာ သူ့ရဲ့ဆုတောင်းမှု အထမြောက် သွားတယ်ဆိုတဲ့ သက်သေပါပဲ။ ရဲမှူးရဲ့ဆုံးဖြတ် ချက်ကို ကျနော် ထောက်ခံပါတယ်” ဟု တရားသူကြီး အာယက်ရိုမန်နော့ဖ်က အဆုံးအဖြတ်ပေးခဲ့သည်။

အစ္စရေး အောက်တရားရုံး၏ ဆုံးဖြတ်ချက်ကို ပါလက်စတိုင်းလူမျိုးများ အပါအဝင် ဂျော်ဒန်၊ အီဂျစ်နှင့် ဆော်ဒီအာရေဗျမှ အစိုးရတာဝန်ရှိသူများက ပြစ်တင်ရှုတ်ချခဲ့ကြသည်။

အယ်လ်ကွာစာဗလီသည် အစ္စလာမ်ဘာသာရေး အထွတ်အမြတ်နေရာအဖြစ် မွတ်စလင်များ အလေးထားကြသကဲ့သို့ ဂျူး လူမျိုးတို့ကလည်း ရိုသေလေးစားကြသည်။ ဂျေရုဆလင်ရှိ ရှေးဟောင်းဘုရားကျောင်း နှစ်ကျောင်း၊ ဗလီနှင့် ၎င်းပတ်ဝန်းကျင် ရှိဈေးတို့မှာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် ကာလရှည်ကြာစွာ သမိုင်းမှတ်တိုင်များ ဖြစ်ခဲ့ကြသည်။

၁၉၆၇ ခုနှစ်တွင် ယင်းဗလီ အပါအဝင် အရှေ့ဂျေရုဆလင်ကို အစ္စရေးက သိမ်းခဲ့သော်လည်း ဂျော်ဒန်နိုင်ငံမှ အစ္စလာမ် အမွေ အနှစ် နေရာကို စောင့်ရှောက်ထားခဲ့သည်။

အယ်လ်ကွာစာ ဗလီဝင်းအတွင်း ဂျူးတို့ ဆုတောင်းခြင်းကို အစ္စရေးဥပဒေအရ တရားဝင်တားမြစ်ခြင်း မရှိသော်လည်း ၁၉၆၇ ခုနှစ် နောက်ပိုင်း နှစ်ဘက်တင်းမာမှုများမှ ရှောင်ရှားနိုင်ရန် အစ္စရေးအာဏာပိုင်များက အကန့်အသတ်ထားရှိခဲ့သည်။