ဝါရှင်တန် စက်တင်ဘာ ၂၆

ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက် က (အမေရိကန်လွှတ်တော်) ကာပီတယ်လ် Capitol အဆောက်အဦ အကြမ်းဖက်မှုဖြစ်ပွားစဉ် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် သူ့လက်ထောက်များ လုပ်ဆောင်ခဲ့သည့်ကိစ္စများနှင့်ပတ်သက်၍ လွှတ်တော်စုံစမ်းရေးကော်မရှင်မှ သတင်းထုတ်ပြန်ရန် အိမ်ဖြူတော်က လုပ်ဆောင်နေကြောင်း၊ ယင်းလုပ်ဆောင်ရန် ဆုံးဖြတ်ချက်သည် သမ္မတဟောင်းကို တရားဝင်ထိုးနှက်ရန်နှင့် ဘဲဥပုံရုံးခန်းအတွင်း အမှုဆောင်အရာရှိများ၏ အခွင့်ထူးဆိုင်ရာ မေးခွန်းများပေါ်ထွက်ရန် ဖြစ်ကြောင်း စီအင်န်အင်န်က သတင်းဖော်ပြသည်။

“သမ္မတဘိုင်ဒန်ပြောခဲ့သလိုပါပဲ။ ဇန်နဝါရီ ၆ ရက် ဖြစ်စဉ်ဟာ ကျနော်တို့ နိုင်ငံသမိုင်းကို အမည်းစက်စွန်းစေခဲ့သလို သူတို့လုပ်ခဲ့တဲ့လုပ်ရပ်ဟာ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ်တွေကို ထိပါးရာရောက်ပါတယ်” ဟု အိမ်ဖြူတော်ပြောခွင့်ရသူ မိုက်ကယ်ဂွင်း (Michael Gwin) က စီအင်န်အင်န်သို့ ပြောကြားသည်။

“သမ္မတက ဒါမျိုးထပ်မဖြစ်ရအောင် လေးလေးနက်နက် သန္နိဋ္ဌာန်ချထားပါတယ်။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ သူက ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဒါကြောင့် သူ့အစိုးရက ဇန်နဝါရီ ၆ ရက် ဖြစ်စဉ်ဟာ လနဲ့ချီပြီး ကြာခဲ့ပေမယ့် စုံစမ်းစစ်ဆေးဖို့ ရွေးချယ်ရေးကော်မတီအပါအဝင် ပူးပေါင်းလုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ကာပီတယ်လ်အဓိကရုဏ်း စုံစမ်းစစ်ဆေးရန် အောက်လွှတ်တော် ရွေးချယ်ရေးကော်မတီအနေဖြင့် အစိုးရအဖွဲ့အစည်းများထံမှ အုပ်ချုပ်ရေးအခွင့်အာဏာသုံးလျက် စာရွက်စာတမ်းအထောက်အထားများ တောင်းခံခြင်းကို ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့သည်။ လက်ရှိသမ္မတထံတွင် သတင်းအချက်အလက် ဖြန့်ရေး၊ မဖြန့်ရေး အဆုံးစွန်အမိန့်ပေးပိုင်ခွင့်ရှိလျက်နှင့် ဒေါ်နယ်ထရမ့်က ယင်းကဲ့သို့ လိုက်လံခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။

အောက်လွှတ်တော် ရွေးချယ်ရေးကော်မတီသည် ဇန်နဝါရီ ၆ ရက် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှု စတင်ခဲ့ရာ အချက်အလက်စုဆောင်းရာ၌ အမေရိကန်အမျိုးသားမှတ်တမ်းများ၊ ဖက်ဒရယ်အေဂျင်စီများ၊ ထရမ့်အစိုးရလက်ထက် အိမ်ဖြူတော်မှတ်တမ်းများ ပါဝင်ခဲ့သည်။

ရူဘီဂယ်လိုင်ရာနီအပါအဝင် ထရမ့်လက်ထက်က ထိပ်တန်းအရာရှိများ၊ ပြင်ပအကြံပေးများနှင့် ဆက်စပ်သည့် အိမ်ဖြူတော်အတွင်း စာရွက်စာတမ်းများနှင့် ဆက်သွယ်မှုမှတ်တမ်းများအားလုံးကို ရွေးချယ်ရေးကော်မတီက တောင်းခံခဲ့သည်။ ရူဘီဂယ်လိုင်ရာနီသည် ကပ်ပီတယ်လ်အဓိကရုဏ်းနေ့က ထရမ့်ထောက်ခံသူများကို အားပေးအားမြှောက်ပြုခဲ့သူဖြစ်သည်။

ယခုစုံစမ်းစစ်ဆေးမှုတွင် ထရမ့်လက်ထက်မှ အမှုဆောင်အရာရှိ၏အခွင့်ထူးကို မည်မျှကန့်သတ်ထားရှိခဲ့ကြောင်း ယနေ့ ဘိုင်ဒန်၏အိမ်ဖြူတော်က ဖော်ထုတ်လိုမှုပြင်းပြနေသည်ဟု အစိုးရနှင့်နီးစပ်သော သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

သို့သော် ဘိုင်ဒန်အိမ်ဖြူတော်၏ မည်သည့်ဆုံးဖြတ်ချက်မဆို ထရမ့်နှင့်သူ့လူများက စိန်ခေါ်နေဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးသူများ၏ လုပ်ငန်းစဉ်ကိုလည်း နှောင့်နှေးစေနိုင်ကြောင်း စီအင်န်အင်န်က ဖော်ပြထားသည်။

ဇန်နဝါရီ ၆ ရက်က ဝါရှင်တန်မြို့တော်ရှိ ကာပီတယ်လ်အဆောက်အဦ၌ ဘိုင်ဒန်ကို ရွေးကောက်ပွဲအနိုင်ရသူအဖြစ် အတည်ပြုရန် ကိုယ်စားလှယ်မဲများ ရေတွက်မှုအကြောင်း အချေ အတင်ဆွေးနွေးနေကြစဉ် ထရမ့်အား ထောက်ခံသည့် ဆန္ဒပြသူများ လွှတ်တော်အတွင်းသို့ အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့၍ ထိုနေ့က ဆွေးနွေးနေမှုများ ကြန့်ကြာခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့သည်။