ကဘူးလ် စက်တင်ဘာ ၂၆
အာဖဂန်နစ္စတန်တွင် သေဒဏ်ကွပ်မျက်ခြင်းနှင့် ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်းကဲ့သို့ ပြင်းထန်သောပြစ်ဒဏ်များကို တကျော့ပြန် စတင်မည်ဖြစ်ကြောင်း တာလီဘန်တို့၏ နာမည် ဆိုးဖြင့်ကျော်ကြားသော ဘာသာရေးရဲချုပ်ဟောင်းက ပြောကြားခဲ့သည်ဟု ဘီဘီစီအင်္ဂလိပ်ပိုင်းသတင်းတွင် စက်တင်ဘာ ၂၅ ရက်၌ ဖော်ပြထားသည်။
ကိုယ်လက်အင်္ဂါဖြတ်တောက်ခြင်းသည် လုံခြုံရေးအတွက် လိုအပ်သည်ဟု ယခုအကျဉ်းထောင်များတာဝန်ခံ မူလာနိုရူဒင်က အေပီသတင်းဌာနသို့ ပြောသည်။
ယင်းသို့ ပြစ်ဒဏ်ပေးခြင်းများသည် ၁၉၉၀ ပြည့်လွန်နှစ်များက တာလီဘန်များ အုပ်ချုပ်စဉ်က ပုံစံမျိုးမဟုတ်ဘဲ ယခုကာလ၌ လူထုရှေ့သို့ ချပြမည်မဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။
သို့သော် အတိတ်က လူထုရှေ့မှောက် ကွပ်မျက်ခဲ့ခြင်းများအပေါ် ဒေါသထွက်ခဲ့မှုများကို ၎င်းက ပယ်ချခဲ့ပြီး “ကျနော်တို့ ရဲဥပဒေအရ ဘာဖြစ်ရမယ်ဆိုတာ ဘယ်သူ့ကိုမှ ထုတ်ပြောမှာမဟုတ်ဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်၌ အာဖဂန်နစ္စတန်တွင် အာဏာယူပြီးကတည်းက တာလီဘန်များသည် ယခင်ခေတ်က အုပ်ချုပ်ရေးထက် ပိုမိုပျော့ပျောင်းသော အုပ်ချုပ်ရေးပုံစံတစ်ခုကို ကတိပြုခဲ့ပြီးဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ယခုအခါ အာဖဂန်နစ္စတန်နိုင်ငံတဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေကြောင်း အစီရင်ခံစာများ အများအပြားထွက်ပေါ်လျက်ရှိကြောင်း အေပီသတင်းက ဆက်လက်ဖော်ပြသည်။
ဟီရတ်မြို့၌ အမျိုးသမီးများ လွတ်လပ်စွာဝတ်စားသွားလာခွင့်ကို တာလီဘန်များက တားဆီးပြီး နေအိမ်အပြင်ဘက် မဖြစ်မနေဝတ်စားဆင်ယင်မှုစည်းမျဉ်းသတ်မှတ်နေခြင်းကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch-HRW) က စက်တင်ဘာ ၂၃ ရက်တွင် သတိပေးခဲ့သည်။
ဩဂုတ်လအတွင်း ဟာဇာရာလူနည်းစုအဖွဲ့ဝင် ၉ ဦး သတ်ဖြတ်ခံရမှုနောက်ကွယ်တွင်လည်း တာလီဘန်များရှိနေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ (Amnesty International-AI) အဖွဲ့က ဆိုထားသည်။
ဩဂုတ်လအတွင်း သွေးအေးအေးဖြင့် ရက်စက်သတ်ဖြတ်မှုသည် တာလီဘန်တို့၏အတိတ်က သွေးစွန်းသောသမိုင်းကြောင်းကို ပြန်လည်အမှတ်ရစေပြီး တာလီဘန်အုပ်ချုပ်ရေးသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ဖော်ညွှန်းပြသနေသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး အေနက်ကော်လာမတ်က ပြောကြားခဲ့သည်။